ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်နက်အသစ်များအသုံးပြုပြီး တိုက်ခိုက်

ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးကို လက်နက်အသစ်များအသုံးပြုပြီး တိုက်ခိုက်
၂၀၂၃ ခုနှစ် မေ ၂၁ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်း အာရမ်တာကျေးရွာတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို တွေ့ရစဉ်(Photo: AP)
၂၀၂၃ ခုနှစ် မေ ၂၁ ရက်က လက်ဘနွန်နိုင်ငံတောင်ပိုင်း အာရမ်တာကျေးရွာတွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်နေသည့် ဟစ်ဇ်ဘိုလာအဖွဲ့ဝင်များကို တွေ့ရစဉ်(Photo: AP)
Published 18 May 2024

လက်ဘနွန်နိုင်ငံ၏ အင်အားကြီးမားသည့် ဟစ်ဇ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးနိုင်ငံမြောက်ပိုင်းတွင် ပြုလုပ်သည့် ၎င်းတို့၏ နောက်ဆုံးတိုက်ခိုက်မှုများထဲမှတစ်ခုတွင် စစ်စခန်းတစ်ခုကို ရော့ကတ်များ ပစ်လွှတ်နိုင်သည့် ဒရုန်းတစ်စင်းဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း မေ ၁၇ ရက်က ကြေညာခဲ့သည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၇ ရက်က အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့အကြား စစ်ပွဲစ တင်ဖြစ်ပွားခဲ့ချိန်ကတည်းက အစ္စရေးနှင့်ဟစ်ဇ်ဘိုလာအဖွဲ့အကြား အပြန်အလှန်တိုက်ခိုက်မှုများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သည်။

အစ္စရေးနိုင်ငံမြောက်ပိုင်း မီတူလာမြို့ရှိ အစ္စရေးစစ်စခန်းတစ်ခုကို S-5 ရော့ကတ်များတပ်ဆင်ထားသည့် တိုက်ခိုက်ရေးဒရုန်းကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က ကြေညာခဲ့သည်။

အီရန်၏ကျောထောက်နောက်ခံကို ရရှိထားသည့် ဟစ်ဇ်ဘိုလာအဖွဲ့က ထုတ်ပြန် သည့် ဗီဒီယိုထဲတွင် ထိုဒရုန်းသည် တင့်ကားများ ရပ်နားထားသည့် စစ်ခန်းတစ်ခုကို ဦးတည်ပျံသန်းနေပြီး ဒရုန်းတင်တပ်ဆင်ထား သည့် ရော့ကတ်နှစ်စင်းသည် ပစ်မှတ်ကိုပျံသန်းသွားခဲ့ကာ ထိမှန်ပေါက်ကွဲသွားခဲ့သည့် ဖြစ်စဉ်ကို ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ် အောက်တိုဘာလက အစ္စရေးနှင့် နေ့စဉ်နီးပါးနယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများဖြစ်ပွားခဲ့ချိန်ကတည်း ယခုကဲ့သို့ ဒရုန်းအမျိုးအစားအသုံးပြုမှုကို ပထမဆုံးအကြိမ်အဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

မေ ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ထိုတိုက်ခိုက်မှုတွင် စစ်သားသုံးဦး ဒဏ်ရာရခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ထိုဒရုန်းသည် ၂၅ ကီလိုဂမ်မှ ၃၀ ကီလို ဂရမ် (၅၅ ပေါင်မှ ၆၆ ပေါင်)ကြား အလေးချိန်ရှိသည့် လက်နက်ထိပ်ဖူးကို တပ်ဆင်အသုံးပြုနိုင်ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့နှင့် ဆက်နွယ်သည့် မီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ထိုကဲ့သို့ ဒရုန်းများကို အသုံးပြုမှုသည် ဟစ်ဇ်ဘိုလာအဖွဲ့အား အစ္စရေးနိုင်ငံ၏ နယ်နိမိတ်အတွင်း တိုက်ခိုက်မှုများ ပြုလုပ်နိုင်စွမ်းကို ရရှိစေခဲ့ကြောင်း စစ်ရေးကျွမ်းကျင်သူ ခါလီဟီလိုက ပြောကြားခဲ့သည်။

ထို့ပြင် အစ္စရေးနိုင်ငံမြောက်ပိုင်း တီဘာရီယာစ်မြို့၏ စစ်စခန်းတစ်ခုကိုလည်း တိုက်ခိုက်ရေးဒရုန်းများ အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြောင်း ဟစ်ဇ်ဘိုလာအဖွဲ့က မေ ၁၅ ရက် တွင် ကြေညာခဲ့သည်။

ထိုတိုက်ခိုက်မှုသည် အစ္စရေးနှင့် တိုက်ပွဲများဖြစ်ပွားပြီးကတည်းက အစ္စရေး၏ နယ်နိမိတ်အတွင်းသို့ အနက်ရှိုင်းဆုံး ဝင်ရောက်တိုက်ခိုက်မှုဖြစ်သည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မကြာသေးမီ သတင်းပတ်များအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့သည် အစ္စရေးစစ်စခန်းများ၊ စစ်သားများနှင့် မော်တော်ယာဉ်များကို တိုက်ခိုက်ရေးဒရုန်းများနှင့် ဒုံးကျည်များအသုံးပြုပြီး တိုက်ခိုက်ကြောင်း ကြေညာခဲ့ သည်။

ထို့ပြင် ဟစ်ဇ်ဘိုလာအဖွဲ့သည် အီရန်၏ Burkean နှင့် Almas ဒုံးကျည်များ၊ ၂၀၁၅ ခုနှစ်က အစ္စရေး၏တိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့သည့် ဟစ်ဇ်ဘိုလာခေါင်းဆောင်၏ အမည်ကို အစွဲပြုထားသည့် ဂျီဟတ် မူဂါနီယာ ဒုံးကျည်ကဲ့သို့ ပဲ့ထိန်းဒုံးကျည်များနှင့် အရွယ်အစားကြီးမားသည့် ဒုံးကျည်များကိုလည်း အသုံးပြုခဲ့သည်။

ထိုလက်နက်အသစ်များ ရှိနေသည့်တိုင်  ဟစ်ဇ်ဘိုလာအဖွဲ့သည် ငါးကီလိုမီတာမှ ရှစ်ကီလိုမီတာအထိသာ ပစ်ခတ်နိုင်သည့် Kornet တင့်ကားဖျက်ဒုံးကျည်များကို အဓိကမှီခိုနေရသည်ဟု ဟီလိုက ပြောကြားခဲ့သည်။

ထို့ပြင် ဟစ်ဇ်ဘိုလာဖွဲ့သည့် အစ္စရေး၏ Iron Dome လေကြောင်းကာကွယ်ရေးစနစ်ကို ဖောက်ထွင်းနိုင်သည့် Konkurs တင့်ကားဖျက်ဒုံးကျည်ကိုလည်း အသုံးပြုခဲ့သည်။

ဟစ်ဇ်ဘိုလာအဖွဲ့သည် မကြာသေးမီက သိသာစွာချဲ့ထွင်ခဲ့သည့် လက်နက်အင်အားအများအပြားကို ပိုင်ဆိုင်ထားပြီး ထိုလက်နက်များသည် အစ္စရေး၏နယ်နိမိတ်အတွင်းအထိ တိုက်ခိုက်နိုင်သည့် လက်နက်များဖြစ်ကြောင်း ပြောကြားခဲ့သည်။                        

Ref: AFP

 

Most Read

Most Recent