အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာ

အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူ ၂၀၀ ကျော်ရှိလာ
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်လန်ပြည်နယ်တွင် ရွှံ့များဖုံးလွှမ်းနေသည့် လမ်းတစ်လျှောက် လမ်းလျှောက်လာသော အမျိုးသားတစ်ဦးကို တွေ့ရစဉ်(AFP)
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်လန်ပြည်နယ်တွင် ရွှံ့များဖုံးလွှမ်းနေသည့် လမ်းတစ်လျှောက် လမ်းလျှောက်လာသော အမျိုးသားတစ်ဦးကို တွေ့ရစဉ်(AFP)
Published 11 May 2024

အာဖဂန်နစ္စတန်နိုင်ငံ မြောက်ပိုင်းတွင်  မေ ၁၀ ရက်က ရေကြီးရေလျှံမှုများဖြစ်ပွားကာ ပြည်နယ်တစ်ခုတည်းအတွင်း သေဆုံးသူ၂၀၀ ကျော်ရှိသည်ဟု ကုလသမဂ္ဂက မေ ၁၁ ရက် တွင်ထုတ်ပြန်ခဲ့သည်။

မေ ၁၀ ရက်က သည်းထန်စွာရွာသွန်းသည့်မိုးကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သောဘက် လန်ပြည်နယ်တွင် သေဆုံးသူ ၂၀၀ ကျော်ရှိခဲ့ပြီး နေအိမ်ပေါင်းထောင်ချီပြိုကျ သို့မဟုတ် ပျက်စီးမှုရှိခဲ့သည်ဟု ကုလသမဂ္ဂ၏နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့က ပြောကြားခဲ့သည်။

“ဘက်ကလာနီ ဂျာဒစ်ခရိုင်တစ်ခုတည်းမှာတင် နေအိမ် ၁၅၀၀ အထိ ပြိုကျဒါမှမဟုတ် ပျက်စီးခဲ့ပြီး သေဆုံးသူ ၁၀၀ ကျော်ရှိပါတယ်”ဟု IOM အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေး အကြီးအကဲကဆိုသည်။

တာလီဘန်အစိုးရတာဝန်ရှိသူများကမူ မေ ၁၀ ရက်ညအချိန်အထိ သေဆုံးသူ ၆၂ ဦးရှိသည်ဟု ထုတ်ပြန်ထားသည်။

ရာသီအလိုက် သည်းထန်စွာရွာသွန်းသောမိုးကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကာ ဒေသခံများသည် ရုတ်တရက်ရွာသွန်းသော မိုးကြောင့် ပြင်ဆင်ချိန်မရရှိခဲ့ကြောင်း နိုင်ငံမြောက်ပိုင်းဘက်လန်ပြည်နယ် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲရေး တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီနှင့်အတူ အရေးပေါ်ကယ်ဆယ်ရေးသမားများသည်  ရွှံ့နှင့်အပျက်အစီးများအောက်၌ သေဆုံးသူများကိုဆက်လက်ရှာဖွေလျက်ရှိသည်ဟု အစောပိုင်းတွင် ပြောကြားခဲ့သည်။

နေအိမ်ဆုံးရှုံးခဲ့သူများကို ဒါဇင်နှင့်ချီသည့် ယာယီတဲများ၊ စောင်များနှင့် အစားအစာများကို ထောက်ပံ့ပေးခဲ့သည်ဟု ၎င်းကဆိုသည်။ လူမှုမီဒီယာတွင် မြင်တွေ့ရသောဗီဒီယို ရုပ်သံများတွင် လမ်းများပေါ်တွင် ကြီးမားများပြားသော ရွှံ့ရေများနှင့် အဖြူနှင့်အနက် ရောင်အဝတ်စပတ်ထားသော အလောင်းများကို တွေ့ရသည်။

ဗီဒီယိုရုပ်သံတစ်ခုတွင် ကလေးများသည် အော်ဟစ်ငိုကြွေးလျက်ရှိကာ အမျိုးသားတစ်စုသည် ၎င်းတို့၏နေအိမ်များမှပျက်စီးနေသော သစ်သားနှင့်အပျက်အစီးများရေထဲတွင် မြောနေသည်ကို ကြည့်ရှုနေကြသည်။

လူဦးရေ သန်း ၄၀ ကျော်၏ ၈၀ ရာခိုင် နှုန်းသည် စိုက်ပျိုးရေးကို အခြေခံ၍နေထိုင်ကြသည့် အာဖဂန်နစ္စတန်တွင် ရေကြီးရေလျှံမှုများကြောင့် လယ်ယာမြေများဆုံးရှုံးခဲ့သည်။

မေ ၁၀ ရက်က ရွာသွန်းသောမိုးကြောင့် နိုင်ငံအရှေ့မြောက်ပိုင်း ဘာဒက်ရှန်ပြည်နယ်နှင့် အလယ်ပိုင်းဂေါပြည်နယ်တို့တွင်ကြီးမားသော အပျက်အစီးများဖြစ်ပေါ်ခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။

နိုင်ငံတစ်ဝန်းရှိ ရေဘေးသင့်ပြည်သူများကို အာဏာပိုင်များက ထောက်ပံ့ကူညီပေးသွားမည်ဟု တာလီဘန်အစိုးရပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာမူဂျာဟစ်ကဆိုသည်။

အစိုးရအနေဖြင့် သေဆုံးသူများ၏ကျန်ရစ်သူမိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်းနှင့် ကယ်ဆယ်ရေးအားထုတ်ကြိုးပမ်းမှုများတွင် အရင်းအမြစ်များပြတ်လပ်မှု မရှိစေရန်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ပြည်နယ်အာဏာပိုင်များကိုညွှန်ကြားထားကြောင်း မူဂျာဟစ်က လူမှုမီဒီယာ X တွင် ရေးသားခဲ့သည်။

ရေကြီးရေလျှံမှုများကြောင့် တောင်ထူထပ်သော ပြည်နယ်ရှိနေရာအများအပြားတွင် ဘဏ္ဍာရေးဆိုင်ရာဆုံးရှုံးမှုကြီးဖြစ်ပေါ်ခဲ့သည်ဟု ဘာဒက်ရှန်ပြည်နယ်သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာညွှန်ကြားရေးမှူး မိုဟာမက်အက်ရမ်အက်ဘာရီကဆိုသည်။

လူ ၂၀,၀၀၀ ခန့်နေထိုင်သည့်တစ်ရှ်ခန်းဒေသတွင် ရေကြီးမှုများကြောင့် လမ်းပန်း ဆက်သွယ်ရေးပြတ်တောက်သဖြင့် လူသေဆုံးမှုအခြေအနေပေါ် စိုးရိမ်ကြောင်း ၎င်းက  ပြောကြားခဲ့သည်။                            Ref: AFP

 

Most Read

Most Recent