အီရတ်၏ မိုးခေါင်ရေရှားမှုပြဿနာ

အီရတ်၏ မိုးခေါင်ရေရှားမှုပြဿနာ
Published 12 May 2024

အီရတ်တွင် လေးနှစ်ဆက်တိုက် မိုးခေါင်မှုနှင့် ဆိုးရွားသော ရေပြတ်လပ်မှုများ ကြုံတွေ့ခဲ့ပြီးနောက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ကြီးမားသော ဒါဘန်ဒီခန်းရေကာတာ အနောက်ဘက်ရှိ ရေလှောင်ကန်တွင် တစ်ဖန်ရေပြည့်လု နီးပါးဖြစ်လာခဲ့သည်။

မကြာသေးမီက မိုးရွာသွန်းမှုသည် ရေရှားပါးလာသော နိုင်ငံ၏ အဓိက ရေလှောင်ကန်အချို့တွင် ရေ  ပြည့်သွားခဲ့ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း စံချိန်တင်အမှတ်တစ်ခုဆီ ရောက်ရှိခဲ့သည်။

“ရေကာတာရဲ့ ရေသိုလှောင်နိုင်စွမ်းက ကုဗမီတာသုံးသန်းရှိပါတယ်။အခုချိန်မှာ ရေတွေပြည့်လာတာနဲ့အတူ ရေကာတာဟာ ရေအပြည့်ဖြစ်ဖို့ ၂၅ စင်တီမီတာပဲ လိုပါတော့တယ်”ဟုဒါဘန်ဒီခန်းရေကာ တာ၏ညွှန်ကြားရေးမှူး ဆာမန်အစ္စမေးလ်က မေ ၅ ရက်တွင်ပြောကြားခဲ့သည်။

ဆာဝမ်မြစ်ပေါ်တွင် တည်ဆောက်ထားသော ယင်းရေကာတာသည် အီရတ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ကာဒ့်ဒေသရှိ ဆူလိုင်မာနီယာမြို့တောင်ပိုင်းတွင် တည်ရှိသည်။

“လာမယ့်ရက်ပိုင်းမှာ ရေတွေ ပြည့်သွားမယ်လို့ မျှော်မှန်းထားပါတယ်”ဟု၎င်းက ဆိုသည်။

ဒါဘန်ဒီခန်းတွင် နောက်ဆုံးအကြိမ်ရေ အပြည့်ဖြစ်သွားချိန်သည် ၂၀၁၉ ခုနှစ်ကဖြစ်ပြီး ယင်းနောက်ပိုင်း နှစ်ပေါင်းများစွာ မိုးခေါင်မှုနှင့် ရေရှားပါးမှုများကို ကြုံတွေ့ခဲ့ရသည်ဟု ၎င်းကဆိုသည်။

“အကြောင်းအရင်းကတော့ ဒေသတွင်းမှာ ရာသီဥတုဖောက်ပြန်ပြောင်းလဲတဲ့အပြင် ရေကာတာ တည်ဆောက်မှုဟာ ကာ့ဒ်နယ်စပ်ကို ကျော်လွန်သွားလို့ဖြစ်ပါတယ်”ဟု ၎င်းက ပြောပြခဲ့သည်။

အီရတ်ဗဟိုအစိုးရ၏ ပြောကြားချက်အရ အိမ်နီးချင်းအီရန်နှင့် တူရကီတို့တွင် တည်ဆောက်ထားသော မြစ်ညာရေကာတာများသည်  အပူချိန်မြင့်တက်မှုနှင့် ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများကြောင့် အီရတ်၏ မြစ်များအတွင်းသို့ ရေစီးဆင်းမှုကိုများစွာ လျော့ကျစေခဲ့သည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ  ရာသီဥတုဖောက်ပြန်ပြောင်းလဲ၏ သက်ရောက်မှုများကို ခံနိုင်ရည် အားအနည်းဆုံး နိုင်ငံငါးနိုင်ငံတွင်အပါအဝင်ဖြစ်သည့် အီရတ်တွင်မိုးများစွာ ရွာသွန်းခဲ့သည့် ယခုဆောင်းရာသီ သည် ရေရှားပါးမှုကို သက်သာရာ ရစေခဲ့သည်။

ရေနံပေါကြွယ်ဝသော်လည်း အခြေခံအဆောက်အအုံချုံးချုံးကျနေသည့် အီရတ်တွင် မိုးသည်းထန် စွာရွာသွန်းမှုများကြောင့် ကာဒ့်ဒေသမြို့တော် အာဘီလ်၏ လမ်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့သည်။

ကာဒ့်ဒေသနှင့်အီရတ်နိုင်ငံအလယ်ပိုင်း ဒီရာလာတွင် ရေကြီးမှုများကြောင့် လွန်ခဲ့သည့်သီတင်းပတ် တွင် တောင်တက်သမားလေးဦး သေဆုံးခဲ့ပြီး နေအိမ်များပျက်စီးခဲ့သည်။

အီရတ်၏ ရေအရင်းအမြစ်ဝန်ကြီးဌာနမှ ရေကာတာအာဏာပိုင်အဖွဲ့၏ ညွှန်ကြားရေးမှူးအလီရာဒီ သာမာ၏ ပြောကြားချက်အရ နိုင်ငံ၏ အကြီးဆုံးရေကာတာခြောက်ခုတွင် ရေမျက်နှာပြင်သည် မြင့်တက်ခဲ့သည်ဟု ဆိုသည်။

ရေပမာဏ ၁၁ ဘီလျံကုဗမီတာခန့် ဆံဝင်သည့်အကြီးဆုံးရေ လှောင်ကန်ဖြစ်သော မိုဆူးလ်ရေကာတာတွင် သိုလှောင်မှုပမာဏသည် အလွန်အားကောင်းပြီး ယင်းသည်မိုးရွာသွန်းမှုများနှင့် ရေကြီးမှုများ၏ ရလဒ်ကြောင့်ဖြစ်ကြောင်း သာမာကဆိုသည်။

လွန်ခဲ့သည့်နွေရာသီက အီရတ်၏ ရေသိုလှောင်မှုသည် သမိုင်းတစ်လျှောက် အနိမ့်ဆုံးဆုံးအဆင့် အထိ ရောက်ရှိခဲ့သည်။

“အခုတော့ ရေသိုလှောင်ကန်တွေမှာရှိတဲ့ ရေပမာဏဟာကဏ္ဍတွေအားလုံးအတွက် ကောင်းမွန်တဲ့ သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်“ဟု သာမာက စိုက်ပျိုးရေးကဏ္ဍအပါအဝင် ရေအသုံးပြုရသည့်ကဏ္ဍအားလုံးကို ရည်စူး၍ ပြောကြားခဲ့သည်။

လူဦးရေ ၄၃ သန်းရှိသည့်အီရတ်တွင် ရေသည်အဓိကပြဿနာ တစ်ရပ်ဖြစ်လာခဲ့ကာ နွေရာသီတွင် မကြာခဏအပူချိန် ၅၀ ဒီဂရီဆဲလ်စီးယက်ကို ကြုံတွေ့ခံစားရခြင်းနှင့်အတူ ပြည်သူများသည် ဆိုးရွားသော ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုမှ ပြင်းထန်သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျပ်အတည်းနှင့် ကြုံတွေ့ ရလျက်ရှိသည်။

“အခုတော့ မိုးရွာပြီးရေကြီးရေလျှံတာတွေ ဖြစ်နေလို့ ရေသိုလှောင်မှုက အတော်လေးတိုးတက်မှုရှိပေမယ့် ဒါက မိုးခေါင်မှုရဲ့အဆုံးသတ်ဆိုတဲ့ သဘောတော့ မသက်ရောက် ပါဘူး” ဟုသာမာက ဆိုသည်။

                                           Ref:AFP

Most Read

Most Recent