အရေးပါသည့် အစ္စရေး စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့ကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဖျက်သိမ်း

အရေးပါသည့် အစ္စရေး စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့ကို ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟု ဖျက်သိမ်း
ဇွန် ၈ ရက်က တဲလ်အဗစ်မြို့တွင် အစ္စရေးအစိုးရကို ဆန္ဒပြနေသူများအား တွေ့ရစဉ်(Photo:AFP)
ဇွန် ၈ ရက်က တဲလ်အဗစ်မြို့တွင် အစ္စရေးအစိုးရကို ဆန္ဒပြနေသူများအား တွေ့ရစဉ်(Photo:AFP)
Published 19 June 2024

အစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင် နေတန်ယာဟုသည် ဂါဇာစစ်ပွဲကို ကြီးကြပ်နေသော စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းလိုက်သည်ဟု အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရသူက ဇွန် ၁၇ ရက်တွင် ပြောကြားခဲ့သည်။

စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့တွင်ပါဝင်သော အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်ဟောင်းဘင်နီဂန့်ဇ်သည် စစ်ပွဲကို နေတန်ယာဟု၏ ကိုင်တွယ်ဆောင်ရွက်ပုံအား စိတ်ပျက်သည်ဆိုကာ နုတ်ထွက်သွားပြီးနောက် ရက်ပိုင်းအတွင်းတွင် နေတန်ယာဟုက စစ်မက်ရေးရာဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံရေးအမြင်မျှသူ ဘင်နီဂန့်ဇ် နုတ်ထွက်သွားခဲ့ပြီးနောက် အစ္စရေးဝန်ကြီးချုပ်က စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းလိမ့်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ထားသည်။ အစိုးရအဖွဲ့တွင် ဘင်နီဂန့်ဇ်မရှိတော့ခြင်းကြောင့် နေတန်ယာဟုသည် အပစ်အခတ်ရပ်စဲရေးကို အတိုက်အခံလုပ်နေသော အစွန်းရောက်မျိုးချစ် မဟာမိတ်ပါတီများအပေါ်မှီခိုမှု တိုးလာသည်။ ယင်းသည် အချိန် ကိုးလထဲ ရောက်လာပြီဖြစ်သော ဂါဇာစစ်ပွဲ အဆုံးသတ်ရေးအတွက် ယိုင်တိုင်တိုင်ဖြစ်နေသော ဆွေးနွေးမှုများအတွက် နောက်ထပ် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာသည်။

နေတန်ယာဟုသည် ထိရှလွယ်သော စစ်ပွဲကိစ္စများအတွက် အသေးစားဆွေးနွေးပွဲများကို ၎င်း၏လုံခြုံရေး ဝန်ကြီးအဖွဲ့နှင့်ပြု လုပ်လိမ့်မည်ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။ နေတန်ယာဟု၏ လုံခြုံရေး ဝန်ကြီးအဖွဲ့ထဲတွင် အပစ်အခတ်ရပ်စဲရေးကို ဆန့်ကျင်လျက်ရှိပြီး ဂါဇာကို ပြန်လည်သိမ်းပိုက်ရေးအတွက် ထောက်ခံထားကြသော လက်ယာစွန်း အစိုးရမိတ်ဖက်ပါတီများ ပါဝင်နေသည်။

အစ္စရေးစစ်ကော်မတီဟုလည်းခေါ်သော စစ်မက်ရေးရာဝန်ကြီးအဖွဲ့ကို စစ်ပွဲ၏ အစောပိုင်းရက်များတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ် သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးတောင်ပိုင်းကို ဝင်ရောက် တိုက် ခိုက်ခဲ့ပြီးနောက် နေတန်ယာဟု၏ပြိုင်ဘက်ဖြစ်ပြီး အတိုက်အခံပါတီ၏ခေါင်းဆောင်ဖြစ်သော  ဘင်နီဂန့်ဇ်သည်  စည်းလုံး ညီညွတ်ကြောင်းပြသသည့်အနေဖြင့် စစ်မက်ရေးရာဝန်ကြီးအဖွဲ့ကိုဝင်ရောက်ခဲ့သည်။ နေတန်ယာဟုအစိုးရ၏ လက်ယာစွန်း အဖွဲ့ဝင်များကို ဘေးဖယ်ရန်ကြိုးပမ်းမှုအဖြစ် လူ အနည်းငယ်သာပါဝင်သော ဆုံးဖြတ်ချက်ချမှတ်သည့် စစ်မက်ရေးရာဝန်ကြီးအဖွဲ့က စစ်ပွဲကိစ္စကို ကိုင်တွယ်သွားမည်ဟု ၎င်းက တောင်းဆိုခဲ့သည်။ ထိုအဖွဲ့ကို အဖွဲ့ဝင်သုံးဦးဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဂန့်ဇ်၊ နေတန်ယာဟု၊ ကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်တို့ ပါဝင်ခဲ့သည်။

အစ္စရေးသည် ပိုမိုအရေးပါသော ဆုံးဖြတ်ချက်များကို ရင်ဆိုင်နေရချိန်တွင် စစ်မက်ရေးရာ ဝန်ကြီးအဖွဲ့ကို ဖျက်သိမ်းလိုက်ခြင်းဖြစ်သည်။

အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့စဉ် ဟားမာ့စ်က ဖမ်းဆီးခဲ့သော ဓားစာခံများကို ပြန်လွှတ်ပေးရေးနှင့် အပြန်အလှန်အားဖြင့် အပစ်အခတ်ရပ်စဲရေးအတွက် နောက်ဆုံး အဆိုပြုချက်ကို အစ္စရေးနှင့်ဟားမာ့စ်တို့က စဉ်းစားလျက်ရှိသည်။

အစ္စရေးတပ်ဖွဲ့များသည် ဂါဇာကမ်းမြောင်တွင် ရှေ့မတိုးနိုင်ဖြစ်နေဆဲဖြစ်သည်။  အစ္စရေးတပ်များသည် ဂါဇာတောင်ပိုင်း ရာဖာမြို့နှင့် အခြားနေရာတို့၌ ဟားမာ့စ်သောင်းကျန်မှုတို့ကို တိုက်ခိုက်နေရဆဲဖြစ်သည်။ ထို့အပြင် အစ္စရေးသည် လက်ဘနွန်နှင့်ထိစပ်နေသော မြောက်ပိုင်းနယ်စပ်တွင် လွန်ခဲ့သော ရက်ပိုင်းက တင်းမာမှုမြင့်တက်လာသည့်အရေးကို ရင်ဆိုင်နေရသည်။

လွန်ခဲ့သောရက်ပိုင်းတွင်အစ္စရေး နှင့် လက်ဘနွန်ပဋိပက္ခ၌ တင်းမာမှုများပိုမို မြင့်တက်လာချိန်အတွင်း ဟစ်ဇဘိုလာက အစ္စရေးကိုဒုံးကျည်ရာပေါင်းများစွာ ပစ်လွှတ်တိုက်ခိုက်ခဲ့ကာ ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ပြီး  နောက်ဟစ်ဇဘိုလာသည် ဇွန် ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် အစ္စရေးမြောက်ပိုင်းကို ပစ်လွှတ်ခဲ့သည့် ဒုံးကျည်အရေအတွက်ကို သိသိသာသာလျှော့ချခဲ့သည်။

Ref:AP

Most Read

Most Recent