လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းသည် ဟစ်ဇဘိုလာ ရော့ကတ်လောင်ချာများကို ဖျက်ဆီးခြင်းနှင့် အကြီးစားတိုက်ခိုက်မှုကို ဟန့်တားခြင်းဖြစ်သည်ဟု အစ္စရေးပြောကြား

လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ခြင်းသည် ဟစ်ဇဘိုလာ ရော့ကတ်လောင်ချာများကို ဖျက်ဆီးခြင်းနှင့် အကြီးစားတိုက်ခိုက်မှုကို ဟန့်တားခြင်းဖြစ်သည်ဟု အစ္စရေးပြောကြား
အစ္စရေးလေတပ်က ဟစ်ဇဘိုလာဒရုန်းကို အစ္စရေးမြောက်ပိုင်း၌ ကြားဖြတ်ပစ်ချခဲ့ပုံကို သြဂုတ် ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အစ္စရေးလေတပ်က ဟစ်ဇဘိုလာဒရုန်းကို အစ္စရေးမြောက်ပိုင်း၌ ကြားဖြတ်ပစ်ချခဲ့ပုံကို သြဂုတ် ၂၅ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 27 August 2024

သြဂုတ် ၂၅ ရက်တွင် အစ္စရေးက လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ယင်းတိုက်ခိုက်မှုများသည် ဟစ်ဇဘိုလာ ရော့ကတ်လောင်ချာများကို ဖျက်ဆီးခြင်းနှင့် အကြီးစားတိုက်ခိုက်မှုကို ဟန့်တားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးက ယင်းသို့လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်တိုင် ဟစ်ဇဘိုလာကမူ ဒရုန်းများနှင့်ရော့ကတ်များကို အတွဲလိုက် ပစ်လွှတ်နိုင်စွမ်းရှိနေသည်ဟု ပြောကြားသည်။

ဟစ်ဇဘိုလာအဖွဲ့သည် ဂါဇာစစ်ပွဲ စတင်ခဲ့ချိန်ကတည်းက နေ့စဉ်နီးပါး အစ္စရေးတပ်ဖွဲ့များနှင့် နယ်စပ်ဖြတ်ကျော် အပြန်အလှန်တိုက်ခိုက်မှုများ လုပ်ဆောင်နေခဲ့သည်။

အစ္စရေးတိုက်လေယာဉ် ၁၀၀ ဝန်းကျင်သည် ပစ်မှတ် ၂၇၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီး ယင်းပစ်မှတ်များထဲက ပစ်မှတ် ၉၀ ရာခိုင်နှုန်းသည် အစ္စရေးမြောက်ပိုင်းကို ချိန်ထားသော တာတိုပစ် ရော့ကတ်များဖြစ်သည်ဟု ဆိုသည်။

အစ္စရေးစစ်တပ်ကမူ အစ္စရေးနိုင်ငံ မြောက်ပိုင်းကို ချိန်ရွယ်ထားသည့် ထောင်နှင့်ချီသည့် ဟစ်ဇ်ဘိုလာအဖွဲ့၏ ဒုံးပစ်လောင်ချာများကို  ဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ထိုဒုံးပစ်လောင်ချာများထဲမှ အချို့သည် အစ္စရေးနိုင်ငံ အလယ်ပိုင်းကို ချိန်ရွယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီရန်၏ ကျောထောက်နောက်ခံရရှိထားသည့် ဟစ်ဇဘိုလာအဖွဲ့ကမူ အစ္စရေး၏ ပြောကြားချက်များသည် မှန်ကန်မှုမရှိဘဲ အစ္စရေးကို တိုက်ခိုက်မှုများကို အပြီးသတ် လုပ်ဆောင်နိုင်ခဲ့သည်ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများသည် ဟစ်ဇဘိုလာကို စစ်ဆင်ရာတွင် အဆုံးသတ်မဟုတ်ဟု အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ၎င်း၏ဝန်ကြီးအဖွဲ့ကို ပြောကြားခဲ့သည်။

အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းရှိ ဟစ်ဇ်ဘိုလာအဖွဲ့၏ ပစ်မှတ်များကို လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် သြဂုတ် ၂၅ ရက် ဒေသစံတော်ချိန် နံနက် ၆ နာရီမှစပြီး နိုင်ငံတစ်ဝန်း ၄၈ နာရီကြာ အရေး ပေါ်အခြေအနေ ကြေညာကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး ယိုအက်ဂါးလန့်က ထုတ်ပြန်ခဲ့သည်။ဟစ်ဇဘိုလာ တိုက်ခိုက်ရေးသမားများသည် နယ်စပ်တစ်လျှောက်ရှိ ရန်သူ့နေရာများသို့ များပြားလှသော ဒရုန်းများကို ပစ်လွှတ်ခဲ့သည့်အပြင် ကတ်ယူရှာ ရော့ကတ် ၃၂၀ ကျော်ကိုလည်း ပစ်လွှတ်ခဲ့သည်ဟု ဟစ်ဇဘိုလာက ပြောကြားခဲ့သည်။

ဟစ်ဇဘိုလာခေါင်းဆောင် ဟာဆန်နာ ဆရယ်လာက အဓိက ပစ်မှတ်၏အမည်ကို ပြောကြားခဲ့ရာ ထိုပစ်မှတ်မှာ တဲလ်အဗစ်မြို့အနီးရှိ ဂလီလော့စစ်ထောက်လှမ်းရေး အခြေစိုက်စခန်းဖြစ်သည်ဟု ဆိုသည်။ အဆိုပါ အခြေစိုက်စခန်းသည် အစ္စရေးထောက်လှမ်းရေးအဖွဲ့ မော့ဆက်၏ရုံးချုပ်ဖြစ်သည်ဟု အစ္စရေး မီဒီယာက သတင်းဖော်ပြခဲ့သည်။

ယင်းအခြေစိုက်စခန်းကို ထိမှန်ခြင်းမရှိဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဒုတိယပစ်မှတ်မှာ အစ္စရေးဒရုန်းများကို ပစ်လွှတ်ရာတွင် အသုံးပြုသော အိန်ရှီမား  စစ်ဘက်လေယာဉ်ကွင်းဖြစ်သည်ဟု ဟာ ဆန်နာဆရယ်လာက ပြောကြားခဲ့သည်။

နှစ်ဖက်စလုံးတင်းမာမှုလျှော့ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောကြားခဲ့သည်။

Ref:AFP                                               

Most Read

Most Recent