ရုရှားနှင့် ယူကရိန်းအကြား စစ်သုံ့ပန်း ၁၀၀ ကျော်လဲလှယ်

ရုရှားနှင့် ယူကရိန်းအကြား စစ်သုံ့ပန်း ၁၀၀ ကျော်လဲလှယ်
Published 25 August 2024

ယူကရိန်း၏ လွတ်လပ်ရေးနေ့ဖြစ်သည့် သြဂုတ် ၂၄ ရက်တွင် ရုရှားနှင့် ယူကရိန်းအကြား စစ်သုံ့ပန်း ၁၀၀ ကျော်ကို လဲလှယ်ခဲ့ကြသည်။

ရုရှားမှ ပြန်လည်လွတ်မြောက်လာသည့် ယူကရိန်းစစ်မှုထမ်း ၁၁၅ ဦးသည် ဥပဒေအရ စစ်မှုထမ်းခဲ့သူများဖြစ်ပြီး အများစုသည် ရုရှား၏ ကျူးကျော်ဝင်ရောက်သည့် အစောပိုင်းလများတွင် အကျဉ်းသားအဖြစ် ဖမ်းဆီးထိန်း သိမ်းခံခဲ့ရခြင်းဖြစ်ကြောင်း ယူကရိန်းက ပြောကြားခဲ့သည်။

လွတ်မြောက်လာသည့် ယူကရိန်းစစ်မှုထမ်းများအနက် မာရီယူပိုးလ်မြို့ရှိ Azovstal သံမဏိစက်ရုံကို ရုရှားတို့စီးနင်းခဲ့ချိန်က ဖမ်းဆီးခံရသည့် စစ်သား ၅၀ ကျော်လည်း ပါဝင်ခဲ့သည်။

ယူကရိန်းမှ ပြန်လည်လွတ်မြောက်လာသည့် ရုရှားစစ်သား ၁၁၅ ဦးသည် ကာ့စ်ဒေသတွင် ဖမ်းဆီးခံရသည့် စစ်သားများဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လွန်ခဲ့သည့် သီတင်းနှစ်ပတ်က ယူကရိန်းတပ်ဖွဲ့များသည် ရုရှား၏ ကာ့စ်ဒေသကို အံ့အားသင့်ဖွယ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယူကရိန်းတို့ ပြန်လည်လွှတ်ပေးခဲ့သည့် ရုရှားစစ်သားများသည် လက်ရှိတွင် ဘီလာ ရုစ်နိုင်ငံတွင် ရှိနေသော်လည်း ၎င်းတို့အား ဆေးဝါးကုသပေးရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ဆောင်ရန် ရုရှားသို့ ပြန်လည်ခေါ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ယူအေအီးနိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့သည့် အဆိုပါ အကျဉ်းသားလဲလှယ်ရေး အစီအစဉ်သည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှား၏ ကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း ၅၅ ကြိမ်မြောက် အကျဉ်းသားလဲလှယ်မှု ဖြစ်သည်ဟု ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ် လန်စကီးက X လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။

နှစ်နိုင်ငံအရာရှိများသည် စစ်ပွဲအတွင်း သေဆုံးခဲ့သည့် စစ်သားများ၏ အလောင်းများနှင့် စစ်သုံ့ပန်းများကို လဲလှယ်ချိန်တွင်သာ တိုက်ရိုက် တွေ့ဆုံလေ့ရှိသည်။ လက်ရှိအချိန်ထိ စစ်သုံ့ပန်းများ မည်မျှဖမ်းဆီးထား သည်ဆိုခြင်းကို ယူကရိန်းနှင့် ရုရှားတို့က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။

ရုရှား၏ ဖမ်းဆီးခြင်းခံထားရသည့် ယူကရိန်း စစ်သုံ့ပန်းအများစုသည် ဆေးဝါးကုသမှု လျစ်လျူရှုခံရခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် ထိန်းသိမ်းခံထားရချိန်တွင် ညှင်းပန်းနှိပ်စက်ခံရခြင်းတို့ကို ခံခဲ့ရသည်ဟု ကုလသမဂ္ဂ က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်နှစ် ဇန်နဝါရီလအတွင်းကလည်း ရုရှားနှင့် ယူကရိန်းသည် ရာနှင့်ချီသည့် စစ်သုံ့ပန်းများကို လဲလှယ်ခဲ့ကြသည်။                                                                                                        

Most Read

Most Recent