မြောက်ကိုရီးယားက လွှတ်တင်လိုက်သော အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ တောင်ကိုရီးယားသမ္မတရုံး တည်ရှိသည့် ခြံဝင်းအတွင်းသို့ကျရောက်

မြောက်ကိုရီးယားက လွှတ်တင်လိုက်သော အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ တောင်ကိုရီးယားသမ္မတရုံး တည်ရှိသည့် ခြံဝင်းအတွင်းသို့ကျရောက်
ဇူလိုင် ၂၄ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းပေါ်တွင် မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းများကျရောက်မှုကြောင့် ပြန့်ကျဲနေသည့် အမှိုက်များကို တောင်ကိုရီးယားအရာရှိများက ရှင်းလင်းနေစဉ်(Photo:AFP)
ဇူလိုင် ၂၄ ရက်က ဆိုးလ်မြို့တော်ရှိ လမ်းပေါ်တွင် မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် မိုးပျံပူဖောင်းများကျရောက်မှုကြောင့် ပြန့်ကျဲနေသည့် အမှိုက်များကို တောင်ကိုရီးယားအရာရှိများက ရှင်းလင်းနေစဉ်(Photo:AFP)
Published 24 July 2024

မြောက်ကိုရီးယားက လွှတ်တင်လိုက်သည့် အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများသည် တောင်ကိုရီးယားသမ္မတရုံး တည်ရှိသည့် ခြံဝင်းအတွင်းသို့ ဇူလိုင် ၂၄  ရက်တွင် ကျရောက်ခဲ့သဖြင့် တောင်ကိုရီးယား အာဏာပိုင်များသည် ဓာတုပစ္စည်းတုံ့ပြန် ဆောင်ရွက်ရေးအဖွဲ့များကို ဖြန့်ကြက်ချထား ခဲ့ရသည်ဟု လုံခြုံရေးအရာရှိများက ပြောကြားခဲ့သည်။

ထိုဖြစ်စဉ်သည် စစ်သားများ၏ အကာအကွယ်နှင့် လေယာဉ်မပျံသန်းရဇုန်အဖြစ် သတ်မှတ်ထားသည့် ဆိုးလ်မြို့တော်ရှိ တောင်ကိုရီးယားသမ္မတရုံးတည်ရှိသည့် ခြံဝင်းအတွင်းသို့ ပထမဆုံးအကြိမ် မြောက်ကိုရီးယား ၏ အမှိုက်အိတ်များပါရှိသည့် မိုးပျံပူဖောင်းများ ကျရောက်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားသည် မေလကတည်းက တောင်ကိုရီးယားနိုင်ငံအတွင်းသို့ အမှိုက်အိတ်များပါသည့် မိုးပျံပူဖောင်းအလုံးရေ ထောင်ချီလွှတ်တင်ခဲ့သည်။

“ဓာတု၊ဇီဝနဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့က အမှိုက်တွေပါတဲ့ မိုးပျံပူဖောင်းတွေကို ဘေးကင်းလုံခြုံစွာ သိမ်းသည်းနိုင်ခဲ့ပါတယ်”ဟု သမ္မတလုံခြုံရေးတပ်ဖွဲ့က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက်  ထိုမိုးပျံပူဖောင်းများတွင် အန္တရာယ်ဖြစ်စေသည့် ပစ္စည်းပါဝင်ခဲ့ခြင်းမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။

မြောက်ကိုရီးယားသည် အမှိုက်များပါရှိသည့် မိုးပျံပူဖောင်းများကို နောက်တစ်ကြိမ် လွှတ်တင်ခဲ့ကြောင်း တောင်ကိုရီးယားပူူးတွဲ စစ်ဦးစီးချုပ်များအဖွဲ့ (JCS) က အတည်ပြုခဲ့ပြီး ဆိုးလ်မြို့တော် အာဏာပိုင်များ ကလည်း  ဇူလိုင် ၂၄ ရက် နံနက်အစောပိုင်းတွင် သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ထိုအရာဝတ္ထုများနှင့် တိုက်ရိုက်ထိတွေ့မှုကို ရှောင်ကြဉ်ရန်နှင့် ထိုမိုးပျံပူဖောင်းများကို တွေ့ရှိပါက စစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့ကို အကြောင်းကြားရန်လည်း သတိပေးခဲ့သည်။

တောင်နှင့်မြောက်ကိုရီးယားနှစ်နိုင်ငံသည် မိုးပျံပူဖောင်းများဖြင့် ၀ါဒဖြန့်မှုများကို အပြန်အလှန်လုပ်ဆောင်ခဲ့ ကြပြီး တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူများ၏ ၀ါဒဖြန့်မိုး ပျံပူဖောင်းများလွှတ်တင်မှုကို တုံ့ပြန်သည့် အနေဖြင့် မြောက်ကိုရီးယားက ယခုအကြိမ်တွင် ဒသမအကြိမ်မြောက် မိုးပျံပူဖောင်းများကို လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ မိုးပျံပူဖောင်းများ လွှတ်တင်မှုကို တုံပြန်သည့် အနေဖြင့်တောင် ကိုရီးယားက ဇူလိုင် ၂၁ ရက်မှစပြီး  နယ်စပ်ဒေသတွင် အသံချဲ့စက်များဖြင့် မြောက်ကိုရီးယားဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများ ပြန်လည်လုပ်ဆောင်နေကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။

တောင်ကိုရီးယားသည် ၁၉၅၀-၅၃ခုနှစ် ကိုရီးယားစစ်ပွဲကာလက မြောက်ကိုရီးယား ဆန့်ကျင်သည့် ၀ါဒဖြန့်အသံလွှင့်မှုများ ပြုလုပ်သည့် နည်းဗျူဟာကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ထိုအသံချဲ့စက်များကို အမြောက်ဖြင့်ပစ်ခတ်သွားမည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက်ခဲ့ဖူးသည်။

တောင်နှင့်မြောက်ကိုရီးယား နှစ်နိုင်ငံအကြား စစ်ပွဲသည် ငြိမ်းချမ်းရေးစာချုပ်ဖြင့် အဆုံးသတ်ခဲ့ခြင်းမရှိဘဲ ယာယီစစ်ပြေငြိမ်းရေးသဘောတူညီချက်ဖြင့်သာ အဆုံးသတ်ခဲ့သဖြင့် သဘောတရားအရ စစ်ဖြစ်နေဆဲအ နေအထားမှာပင်ရှိနေဆဲဖြစ်သည်။

Ref:AFP

Most Read

Most Recent