ဟားရစ်သည် ဘိုင်ဒင်၏နေရာကို အစားထိုးရန် တစ်ဦးတည်းသောသူဖြစ်ကြောင်း ဒီမိုကရက်များ ပြောကြား

ဟားရစ်သည် ဘိုင်ဒင်၏နေရာကို အစားထိုးရန် တစ်ဦးတည်းသောသူဖြစ်ကြောင်း ဒီမိုကရက်များ ပြောကြား
ဇူလိုင် ၂၃ ရက်က ဝစ္စကွန်ဆင်ပြည်နယ် မီလ်ဝူကီမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်ကို တွေ့ရစဉ်(Photo:AFP)
ဇူလိုင် ၂၃ ရက်က ဝစ္စကွန်ဆင်ပြည်နယ် မီလ်ဝူကီမြို့တွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲတွင် အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ်ကို တွေ့ရစဉ်(Photo:AFP)
Published 24 July 2024

အမေရိကန်သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် ဒုတိယသမ္မတ ကာမယ်လာဟားရစ်သည် သမ္မတဂျိုးဘိုင်ဒင်၏ နေရာကို အစားထိုးရမည့် တစ်ဦးတည်းသောသူဖြစ်ကြောင်း ဒီမိုကရက်တစ်ပါတီ ကိုယ်စား လှယ်အများစုက ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမှ နုတ်ထွက်သွားသည့် ဘိုင်ဒင်၏နေရာကို အစားထိုးရန် သီတင်းပတ်အနည်းငယ်သာ အချိန်ရမှုနှင့်အတူ ဒီမိုကရက်အများစုသည် ဟားရစ်ကို ထောက်ခံနေကြပြီး လျင်မြန်ပြီး လက်တွေ့ကျသည့် ရွေးချယ်မှုပြုလုပ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ကြသည်။

“တခြားကိုယ်စားလှယ်လောင်းတွေကို ရှာဖို့ကျွန်တော်တို့မှာ အချိန်မရှိပါဘူး”ဟု အိုင်အိုဝါပြည်နယ် ကိုယ်စားလှယ် အဒမ်ပီတာက အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

လာမည့်လတွင် ချီကာဂို၌ ပြုလုပ်မည့် ဒီမိုကရက်တစ် အမျိုးသားညီလာခံကို ကိုယ်စားလှယ်အားလုံးနီးပါး တက်ရောက်ဖွယ်ရှိပြီး ပီတာသည် ယခင်က ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ဘိုင်ဒင်ကို ထောက်ခံခဲ့သည်။

သို့သော် အသက် ၈၁ နှစ်အရွယ် ဘိုင်ဒင်သည် ဇူလိုင် ၂၁ ရက်က နုတ်ထွက်သွားမှုနှင့်အတူ ဒီမိုကရက်များအကြား ဘိုင်ဒင်၏နေရာကို ဆက်ခံရန် ကိုယ်စားလှယ်လောင်း တစ်ဦးကို အလျင်အမြန်ရွေးချယ်ရသည့် အခြေအနေသို့ ရောက်ရှိခဲ့သည်။

ဘိုင်ဒင်အပါအဝင် ဒီမိုကရက်ခေါင်းဆောင်အများစုက ဒုသမ္မတဟားရစ်ကို လျင်မြန်စွာ ရွေးချယ်ခဲ့ကြပြီး ဟားရစ်ကို မထောက်ခံသည့် ကိုယ်စားလှယ်လောင်းများရှိနိုင်သဖြင့် ထိုအခြေအနေမျိုးတွင် အကျပ်အတည်း တွေ့လာနိုင်သည်။

“ဟားရစ်ဟာ ကျွန်တော်တို့ရဲ့ တစ်ဦးတည်းသော ကိုယ်စားလှယ်လောင်းဖြစ်ပါတယ်”ဟု ပီတာက ပြောကြားခဲ့သည်။

လတ်တလောတွင် ဒီမိုကရက်ကိုယ်စားလှယ် ထက်ဝက်ကျော်က ဟားရစ်ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

အဆိုပါ ကိုယ်စားလှယ်များသည် နိုင်ငံတစ်ဝန်းမှ ပါတီတက်ကြွလှုပ်ရှားသများဖြစ်ပြီး မတူညီသည့် နောက်ခံသမိုင်းကြောင်းများ ရှိသူများဖြစ်ကာ ဘာသာရေးဆရာများမှအစ ကျောင်းဆရာများအလယ် ဒေသန္တရ ရွေးကောက်ခံအရာရှိများအဆုံး အမျိုးအစားပေါင်းစုံ ပါဝင်သည်။

ကယ်လီဖိုးနီးယားပြည်နယ် ကိုယ်စားလှယ် ကီဗင်ဆာဘယ်လီကိုကမူ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းတစ်ဦးကို အမြန်ဆုံးရွေးချယ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ဟားရစ်ရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သူ့ရဲ့ ရဲစွမ်းသတ္တိကို မြင်တွေ့ခဲ့ရပြီးပါပြီ။ ဒီလိုအခြေအနေမျိုးမှာ ထရန့်ကို ယှဉ်ပြိုင်ပြီး အလုပ်ကို အပြီးသတ်လုပ်ဖို့ လိုအပ်ပါတယ်”ဟု အသက် ၂၆ နှစ်အရွယ် နိုင်ငံရေး မဲဆွယ်စည်းရုံးရေးသမား ဆာဘယ်လီကိုက ပြောကြားခဲ့သည်။

ဇွန်လထဲတွင် ဒေါ်နယ်ထရန့်နှင့်စကား  စစ်ထိုးရာ၌ အခြေအနေဆိုးရွားခဲ့သဖြင့် ၎င်း၏အသက်အရွယ်၊ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတို့နှင့်ပတ်သက်၍ စိုးရိမ်မှုများ ပေါ်ပေါက်ခဲ့ပြီး သီတင်းပတ်ချီ ဖိအားများ ကြုံတွေ့ခဲ့ရ သော ဘိုင်ဒင်က ပါတီနှင့်နိုင်ငံတို့၏ အကောင်းဆုံး အကျိုးစီးပွားအတွက် သမ္မတရွေးကောက်ပွဲမှ  နုတ်ထွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ထရန့်ကမူ ၎င်း၏ Truth Social တွင် ပို့စ်များတင်ကာ ဘိုင်ဒင်နုတ်ထွက်ခြင်းမှာ ဘိုင်ဒင်သည် သမ္မတရွေးကောက်ပွဲအတွက် မသင့်လျော်တော့သည့်အပြင် သမ္မတတာဝန်ကို ထမ်းဆောင်ရန် မသင့်လျော်ခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ဒီမိုကရက်များကို ဝေဖန်ခဲ့သည်။

Ref:AFP

                            

Most Read

Most Recent