မြောက်ကိုရီးယား၏ ဒုတိယမြောက် ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ် လွှတ်တင်ပြီးမကြာမီတွင် ပေါက်ကွဲမှုဖြစ်ပွား

မြောက်ကိုရီးယား၏ ဒုတိယမြောက် ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ် လွှတ်တင်ပြီးမကြာမီတွင် ပေါက်ကွဲမှုဖြစ်ပွား
မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုအား သယ်ဆောင်သွားသည့်ဒုံးပျံယာဉ် ပေါက်ကွဲမှုဖြစ်ပွားသည့်သတင်းကို ဆိုးလ်မြို့ ဘူတာရုံတစ်ရုံရှိ ရုပ်သံဖန်သားပြင်တွင် မေ ၂၈ ရက်က ထုတ်လွှင့်ပြသနေစဉ်(Photo: AFP)
မြောက်ကိုရီးယား၏ ထောက်လှမ်းရေးဂြိုဟ်တုအား သယ်ဆောင်သွားသည့်ဒုံးပျံယာဉ် ပေါက်ကွဲမှုဖြစ်ပွားသည့်သတင်းကို ဆိုးလ်မြို့ ဘူတာရုံတစ်ရုံရှိ ရုပ်သံဖန်သားပြင်တွင် မေ ၂၈ ရက်က ထုတ်လွှင့်ပြသနေစဉ်(Photo: AFP)
Published 28 May 2024

မေ ၂၇ ရက်က မြောက်ကိုရီးယား၏  ဒုတိယမြောက်ထောက်လှမ်းရေးဂြိုဟ်တုကို သယ်ဆောင်သွားသည့် ဒုံးပျံယာဉ်သည် လွှတ်တင်ပြီးမကြာမီတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။

သို့ဖြစ်ရာ အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို ပိုမိုစောင့်ကြည့်နိုင်ရန်အတွက် ထောက်လှမ်းရေးဂြိုဟ်တု အများအပြားလွှတ်တင်ရန် ရည်မှန်းထားသည့် ခေါင်းဆောင်ကင်ဂျုံအွန်အတွက် စိတ်ပျက်စရာ ရလဒ်တစ်ခု ဖြစ်လာခဲ့သည်။

ငါးနှစ်နီးပါးအတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား-တရုတ်-ဂျပန် သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲတွင် ယင်းနိုင်ငံများ၏ ခေါင်းဆောင်များတွေ့ဆုံခဲ့ပြီး နာရီပိုင်းအကြာတွင် မြောက်ကိုရီးယားက ဂြိုဟ်တု လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

မြောက်ကိုရီးယားအနေဖြင့် ၎င်း၏အဓိက မဟာမိတ်ဖြစ်သည့် တရုတ်နိုင်ငံပါဝင်သည့် ဒေသတွင်း အဆင့်မြင့် သံခင်းတမန်ခင်းဆွေးနွေးမှုများ ပြုလုပ်နေစဉ်အတောအတွင်း ရန်လိုသည့်လုပ်ရပ်မျိုး လုပ်ဆောင်ခဲ့သည်မှာ ကြုံတောင့်ကြုံခဲဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင် ပြုလုပ်သည့် သုံးနိုင်ငံထိပ်သီးဆွေးနွေးပွဲ၌ တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်တို့က ကိုရီးယားကျွန်းဆွယ်နျူကလီးယားကင်းစင်ရေး ရည်မှန်းချက်ကို ထပ် လောင်းအတည်ပြုခဲ့ပြီး ကုန်သွယ်မှုဆိုင်ရာ ဆက်ဆံရေးတိုးမြှင့်ရန်လည်း သဘောတူညီခဲ့ကြသည်။

မြောက်ကိုရီးယား၏ ဂြိုဟ်တုလွှတ်တင်ရန် ကြိုးပမ်းမှုအပေါ် အိမ်နီးချင်းနိုင်ငံများက ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းသည် မြောက်ကိုရီးယားက ပဲ့ထိန်းလမ်းညွှန်နည်းပညာအသုံးပြု၍ လက်နက်စနစ်များ စမ်းသပ်ခြင်းကို တားမြစ်ထားသည့် ကုလသမဂ္ဂ၏ဒဏ်ခတ်ပိတ်ဆို့မှုများကို ချိုးဖောက်သည့် လုပ်ရပ်တစ်ခုလည်းဖြစ်သည်။

နိုင်ငံအနောက်မြောက်ပိုင်းရှိ ပင်မအာကာသစခန်းမှ ထောက်လှမ်းရေးဂြိုဟ်တုတစ်စင်းကို သယ်ဆောင်မည့် ဒုံးပျံယာဉ်အသစ်ကို လွှတ်တင်ခဲ့သော်လည်း ဒုံးပျံအင်ဂျင်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် လွှတ်တင်ပြီးမကြာမီ ပထမအဆင့် ပျံတက်မှုအတွင်းမှာပင် ပေါက်ကွဲသွားသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။

ယင်းသို့ပေါက်ကွဲမှု ဖြစ်ပွားရခြင်းမှာ အသစ်တီထွင်ထားသော အောက်ဆီဂျင်ဓာတ်ငွေ့ရည်နှင့် ရေနံလောင်စာသုံး အင်ဂျင်လည်ပတ်မှုနှင့် သက်ဆိုင်သည်ဟု ကနဦးစစ်ဆေးမှုအရ သိရှိရကြောင်းနှင့် အခြား ဖြစ်နိုင်ဖွယ် အကြောင်းရင်းများကိုလည်း စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း KCNA က ဆိုသည်။

ဂျပန်အစိုးရက နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုတွင် ဒုံးကျည်အန္တရာယ် သတိပေးချက်ထုတ်ပြန်ထားပြီး အဆောက်အဦများထဲတွင် နေထိုင်ရန်နှင့် ပိုမိုဘေးကင်းသည့် အခြားနေရာများတွင် နေထိုင်ကြရန် ဒေသခံများ ကို တိုက်တွန်းခဲ့သည်။ နောက်ပိုင်းတွင်း သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့သည်ဟု ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ယိုရှိမာဆာ ဟာယာရှိက ပြောကြားသည်။

တောင်ကိုရီးယား၏ ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနကလည်း မြောက်ကိုရီးယား၏ လုပ်ရပ်သည် ဒေသတွင်းလုံခြုံရေးကို ဆိုးဆိုးရွားရွားခြိမ်းခြောက်သည့် ရန်စမှုဖြစ်သည်ဟု ရှုတ်ချခဲ့သည်။    

Ref: AP

Most Read

Most Recent