အာဖဂန်နစ္စတန်တွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း WFP ပြောကြား

အာဖဂန်နစ္စတန်တွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၃၀၀ ကျော်အထိ မြင့်တက်ခဲ့ကြောင်း WFP ပြောကြား
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်လန်ပြည်နယ်တွင် ရွှံ့များဖုံးလွှမ်းနေသည့် လမ်းပေါ်တွင် လမ်းလျှောက်နေသော အမျိုးသားတစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
မေ ၁၁ ရက်က အာဖဂန်နစ္စတန်နိုင်ငံ ဘက်လန်ပြည်နယ်တွင် ရွှံ့များဖုံးလွှမ်းနေသည့် လမ်းပေါ်တွင် လမ်းလျှောက်နေသော အမျိုးသားတစ်ဦးကို တွေ့ရစဉ်(Photo:Reuters)
Published 13 May 2024

အာဖဂန်နစ္စတန်နိုင်ငံ၏ ပြည်နယ်အများအပြားတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ၏ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က မေ ၁၁ ရက်တွင် ပြောကြားခဲ့ပြီး အာဏာပိုင်များက အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ ဒဏ်ရာရရှိသူများကို ကယ် ဆယ်မှုများ အလျင်အမြန်လုပ်ဆောင်ခဲ့သည်။

မေ ၁၀ ရက်က မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီးနောက် လူအများအပြား ပျောက်ဆုံးနေဆဲဖြစ်ကာ မြစ်ရေများလျံခြင်း၊ ကျေးရွာများတွင် မြေပြိုခြင်းနှင့် ပြည်နယ်အချို့ရှိ လယ်ယာစိုက်ခင်းများ ပျက်စီးခြင်းတို့ ရှိခဲ့သဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အခြေအနေတစ်ခု ဖြစ်နေသည်ဟု အကူအညီပေးရေးအဖွဲ့တစ်ဖွဲ့က ပြောကြားခဲ့သည်။

အသက်ရှင်သူများကို ရွှံ့များ၊ အပျက်အစီးများ ပြည့်နေသည့် လမ်းများနှင့် ပြိုကျခဲ့သည့် အဆောက်အအုံများထဲမှ ကယ်တင်နေသည့် ဖြစ်စဉ်များကို အေအက်ဖ်ပီသတင်းထောက်တစ်ဦးက မြင်တွေ့ခဲ့ပြီး အာဏာပိုင်များနှင့် NGO အဖွဲ့များက ကယ်ဆယ်ရေးလုပ်သားများ စေလွှတ်ကာ ရေလွှမ်းမိုးမှုများ ကြောင့် အချို့ဒေသများတွင် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတိပေးထားသည်။

နိုင်ငံမြောက်ပိုင်း ဘက်လန်ပြည်နယ်သည် ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံးခံစားခဲ့ရပြီး ထိုပြည်နယ်တစ်ခုတည်းမှာပင် လူ ပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီး ထောင်နှင့်ချီသည့်နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်ဟု WFP က ပြောကြားခဲ့သည်။

“အခုရရှိထားတဲ့သတင်းတွေအရ ဘက်လန်ပြည်နယ်မှာ သေဆုံးသူ ၃၁၁ ဦးရှိပြီး အိမ် ၂၀၁၁ လုံးပျက်စီးပြီး အိမ်အလုံး ၂၈၀၀ ထိခိုက်ခဲ့ပါတယ်”ဟု WFP ၏ အာဖဂန်နစ္စတန်ဆိုင်ရာ ဆက်သွယ်ရေးအရာရှိ ရာနာဒီ ရက်ဇ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူအရေအတွက်သည် အစိုးရ၏ ထုတ်ပြန်ချက်နှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အေဂျင်စီများ၏ ထုတ်ပြန်ချက်များအကြား တူညီမှုမရှိခဲ့ပေ။

ကုလသမဂ္ဂ၏ နိုင်ငံတကာရွှေ့ပြောင်း နေထိုင်သူများဆိုင်ရာအဖွဲ့ကမူ ဘက်လန်ပြည်နယ်တွင် သေဆုံးသူ ၂၁၈ ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူ မာတင်းကာနီကမူ ဘက်လန်ပြည်နယ်တွင် သေဆုံးသူ ၁၃၁ ဦးရှိခဲ့ကြောင်း သို့သော် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ခြေရှိကြောင်း အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“လူတွေအများကြီး ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

နိုင်ငံမြောက်ပိုင်း တာခါပြည်နယ်တွင် လူ ၂၀ သေဆုံးခဲ့ပြီး ဘာဒက်ခ်ရှန်ပြည်နယ်တွင် နှစ်ဦးသေဆုံးခဲ့ကြောင်း ကာနီက ပြောသည်။

တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်ကလည်း ရေလွှမ်းမိုးမှုများကြောင့် မိမိတို့နိုင်ငံသားရာချီသေဆုံးခဲ့ကြောင်း X လူမှုမီဒီယာတွင် ပြောကြားခဲ့သည်။

အစိုးရအနေဖြင့် သေဆုံးသူများ၏ ကျန်ရစ်သူမိသားစုဝင်များနှင့် ဒဏ်ရာရရှိသူများအတွက် အလွန်စိတ်မကောင်းဖြစ်မိကြောင်း နှင့် ကယ်ဆယ်ရေးအားထုတ်ကြိုးပမ်းမှုများတွင် အရင်းအမြစ်များပြတ်လပ်မှု မရှိစေရန်  သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများနှင့် ပြည်နယ်အာဏာပိုင်များကို ညွှန်ကြားထားကြောင်း မူဂျာဟစ်က ပြောကြားခဲ့ သည်။အဆက်မပြတ်ရွာသွန်းခဲ့သည့် မိုးများကြောင့် ဘက်လန်၊ တာခါ၊ ဘာဒက်ခ်ရှန်၊ ဂေါနှင့် ဟီရတ်ပြည်နယ်များတွင် ထိခိုက်ပျက်စီးမှုများပြားခဲ့ကြောင်း အရာရှိများက ပြောကြားခဲ့သည်။                            

Ref:AFP

Most Read

Most Recent