အစ္စရေးတပ်နှင့် အီဂျစ်တပ်တို့ ရာဖာနယ်စပ်ဂိတ်အနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ အီဂျစ်စစ်သားတစ်ဦး သေဆုံး

အစ္စရေးတပ်နှင့် အီဂျစ်တပ်တို့ ရာဖာနယ်စပ်ဂိတ်အနီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ အီဂျစ်စစ်သားတစ်ဦး သေဆုံး
Photo: Getty Immages
Photo: Getty Immages
Published 28 May 2024

မေ ၂၇ ရက်က ရာဖာနယ်စပ်ဇုန်အနီး အစ္စရေးတပ်ဖွဲ့နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် အီဂျစ်စစ်သားတစ်ဦး သေဆုံးသွားသည့်ဖြစ်စဉ်ကို စစ်ဆေးဖော်ထုတ်နေသည်ဟု အီဂျစ်စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်ကပြောသည်။

The Jerusalem Post သတင်းတွင်မူ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီးနောက် အစ္စရေးစစ်တပ်ဘက်က အီဂျစ်အာဏာပိုင်များထံဆက်သွယ်ကာ အပစ်ခတ်ရပ်ရန်ပြောခဲ့ပြီး အစ္စရေးဘက်ကထိခိုက်သူမရှိကြောင်း၊ အီဂျစ်နှင့်အစ္စရေးစစ်တပ်တို့  ဆွေးနွေးနေကြောင်း ဖော်ပြခဲ့သည်။

အရေးပါသည့်ရာဖာနယ်စပ်ဂိတ်၏ ပါလက်စတိုင်းဘက်ခြမ်းကို အစ္စရေးက  ယခုလအတွင်းထိန်းချုပ်လိုက်ပြီး  ရာဖာကို စစ်ဆင်ရေးစလိုက်သည့်အတွက် အီဂျစ်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းထံမှ ပြင်းထန်သည့်ရှုတ်ချမှုများ ထွက်လာသည်။

အီဂျစ်နှင့်အစ္စရေးသည် ၁၉၇၉ ခုနှစ်တွင် ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ဆို ထားပြီးကတည်းက လုံခြုံရေးကိစ္စရပ်များတွင်(အထူးသဖြင့် အီဂျစ်နှင့်ဂါဇာနယ်စပ်အနီးတွင်)ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြသည်။

အီဂျစ်နှင့်ပစ်ခတ်မှုမဖြစ်မီ  မေ ၂၆ ရက်တွင် ရာဖာဘေးကင်းဇုန်အတွင်းရှိ  စခန်းတစ်ခုကို အစ္စရေးက ဗုံးကြဲလိုက်မှုကြောင့် ပါလက်စတိုင်းပြည်သူ ၄၅ ဦးသေဆုံးခဲ့သည်။လက်ရှိ အစ္စရေးက လက်ဘနွန်နှင့် ၎င်းတို့နယ်စပ်တစ်လျှောက်၌ပါ လုံခြုံရေးအစီအမံသစ်များကြေညာထားသည်။              

Ref: Al Jazeera

 

Most Read

Most Recent