အရှေ့အလယ်ပိုင်း တင်းမာမှုများနှင့် ရေနံတွင်းများပိတ်သည်ဟု ကြေညာခဲ့သောလစ်ဗျားတို့ကြောင့် ကမ္ဘာ့ရေနံစျေးများ မြင့်တက်

အရှေ့အလယ်ပိုင်း တင်းမာမှုများနှင့် ရေနံတွင်းများပိတ်သည်ဟု ကြေညာခဲ့သောလစ်ဗျားတို့ကြောင့် ကမ္ဘာ့ရေနံစျေးများ မြင့်တက်
သြဂုတ် ၂၃ ရက် နံနက်ပိုင်းက နယူးယောက်(ခ်)စတော့အိတ်ချိန်တွင် ကုန်သည်များ အလုပ်လုပ်နေပုံကို တွေ့ရစဉ်(Photo: AFP)
သြဂုတ် ၂၃ ရက် နံနက်ပိုင်းက နယူးယောက်(ခ်)စတော့အိတ်ချိန်တွင် ကုန်သည်များ အလုပ်လုပ်နေပုံကို တွေ့ရစဉ်(Photo: AFP)
Published 27 August 2024

အရှေ့အလယ်ပိုင်း တင်းမာမှုများကြောင့် ရေနံစျေးများသည် သြဂုတ် ၂၆ ရက်တွင် မြင့်တက်သွားခဲ့သည်ဆိုသော်လည်း စတော့စျေးကွက်များသည် အမေရိကန်အတိုးနှုန်းများ လျှော့ချမည်ဟူသော အသံများထွက်ပေါ်လာခဲ့ရာမှ စတော့စျေးများ မြင့်တက်လာခဲ့ပြီးနောက် အလှုပ်အရမ်းများ ဖြစ်ပေါ်နေခဲ့သည်။

ကမ္ဘာ့ ရေနံစိမ်းစျေး စံအမှတ်ဖြစ်သော ဘရန့်စျေးနှုန်းသည် ၃ ဒသမ သုညရာခိုင်   နှုန်းမြင့်တက်လာကာရေနံစိမ်းတစ်စည်ကို အမေရိကန် ၈၁ ဒေါ်လာကျော်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပါဝဲလ်က အတိုးနှုန်းလျှော့ချမှု ဖြစ်လာတော့မည်ဟု ပြောကြားခဲ့သည့် သြဂုတ် ၂၃ ရက် တွင် စတော့စျေးများ မြင့်တက်ခဲ့ကာ အသက်ရှူချောင်ခဲ့ပြီးနောက် စတော့စျေးကွက်များ သည် လှုပ်လှုပ်ရှားရှားဖြစ်နေခဲ့သည်။

အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းလျှော့ချပေးမည့်အစီအစဉ်ရှိကြောင်းပြောဆိုထားသည်ကို ဆန်ဖရန်စစ္စကို ဗဟိုဘဏ် ဥက္ကဋ္ဌ မယ်ရီဒါလီကလည်း ထောက်ခံကြောင်း သြဂုတ် ၂၆ ရက်တွင် ပြောကြားခဲ့သည်။

“အတိုးနှုန်းကို စက်တင်ဘာလထဲမှာ လျှော့ချပေးတာမျိုးမရှိရင် စဉ်းစားရခက်မှာပါ။ အခွင့်အလမ်းရဲ့လားရာဟာ အောက်ကိုစိုက်ဆင်းနေတာပါ။ ပြန်လည်ချိန်ညှိဖို့အချိန်ဟာ အခုကျရောက်နေပါပြီ”ဟု အင်တာဗျူးတစ်ခုတွင် မယ်ရီဒါလီက ဖြေကြားခဲ့သည်။

သြဂုတ် ၂၅ ရက်တွင် အစ္စရေးက လက်ဘနွန်ကို လေကြောင်းတိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ ယင်းတိုက်ခိုက်မှုများသည် ဟစ်ဇဘိုလာ ရော့ကတ်လောင်ချာများကို ဖျက်ဆီးခြင်းနှင့် အကြီးစားတိုက်ခိုက်မှုကို ဟန့်တားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

အစ္စရေးတိုက်လေယာဉ် ၁၀၀ ဝန်းကျင်သည် ပစ်မှတ် ၂၇၀ ကျော်ကို တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်က ပြောကြားခဲ့ပြီးယင်းပစ်မှတ်များထဲက ပစ်မှတ် ၉၀ ရာခိုင်နှုန်းသည် အစ္စရေးမြောက်ပိုင်းကိုချိန်ထားသော တာတိုပစ် ရော့ကတ်များဖြစ်သည်ဟု ဆိုသည်။ဟစ်ဇ်ဘိုလာ၏ ဒုံးပစ်လောင်ချာများကိုဖျက်ဆီးနိုင်ခဲ့ကြောင်းနှင့် ထိုဒုံးပစ် လောင်ချာများထဲမှ အချို့သည် အစ္စရေးအလယ်ပိုင်းကို ချိန်ထားသည်ဟု ဆိုသည်။

ရေနံစျေးကွက်သည် လစ်ဗျာအရှေ့ပိုင်း အခြေစိုက်အစိုးရအဖွဲ့၏ကြေညာချက်ကိုလည်း တုံ့ပြန်ခဲ့သည်။ လစ်ဗျားနိုင်ငံ၏အရှေ့ပိုင်းတွင် အခြေစိုက်ထားသော အစိုးရအဖွဲ့က ၎င်း၏ထိန်းချုပ်မှုအောက်တွင်ရှိနေသော ရေနံတွင်းအားလုံးကို ပိတ်ထားမည်ဟု ကြေညာခဲ့ပြီး နောက်ထပ် ကြေညာချက်မထုတ်မချင်း ရေနံထုတ်လုပ်မှုအားလုံးကိုလည်းကောင်း၊ ရေနံပို့ကုန်အားလုံးကိုလည်းကောင်း ရပ်ဆိုင်းထားမည်ဟု ကြေညာခဲ့သည်။

လစ်ဗျားမြို့တော် ထရီပိုလီတွင် အခြေစိုက်ပြီး ကုလသမဂ္ဂအသိအမှတ်ပြု အစိုးရအဖွဲ့က ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးကို သြဂုတ် ၂၆ ရက် နံနက်ပိုင်းတွင် အစားထိုးလိုက်ပြီးနောက် တင်းမာမှုများ မြင့်တက်လာချိန် ဘင်ဂါဇီအခြေစိုက် လစ်ဗျားအစိုးရ၏အထက်ပါ ကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ ဘင်ဂါဇီမြို့တွင် အခြေစိုက်ထားသော လစ်ဗျားအစိုးရသည် နိုင်ငံ၏ရေနံတွင်း အများစုကို ထိန်းချုပ်ထားသည်။

ကမ္ဘာ့စတော့စျေးကွက်တွင် စတော့စျေးများသည် တည်ငြိမ်မှုမရှိခဲ့ပေ။ ယခုသီတင်း ပတ်ကုန်ပိုင်းတွင် Nvidia ၏ဝင်ငွေများကို မကြေညာမီ နည်းပညာကုမ္ပဏီကြီး Nasdaq ၏ရှယ်ယာစျေး ကျဆင်းခဲ့သည်။

ဥရောပတွင်မူ ပါရီ၌ စတော့စျေးတက်နေခဲ့ပြီး ဖရန့်ဖတ်တွင် စတော့စျေး ကျဆင်းခဲ့သည်။အာရှတွင် တိုကျိုနှင့်ဆိုးလ်တို့၌ စတော့စျေး ကျဆင်းခဲ့သည်ဆိုသော်လည်း ဟောင်ကောင်နှင့်ဒေသတွင်း အခြားသော စတော့စျေးကွက်များ၌ ရှယ်ယာစျေး တက်ခဲ့သည်။

၀ိုင်ယိုမင်းအစည်းအဝေး၌ ဗဟိုဘဏ် ဥက္ကဋ္ဌ ပါဝဲလ်က ၂၃ နှစ်အတွင်း အမြင့်ဆုံးငွေဖောင်းပွမှုကို ထိန်းရန် အတိုးနှုန်းလျှော့ချမည်ဟု သြဂုတ် ၂၃ ရက်တွင် ပြောခဲ့သဖြင့် ရှယ်ယာစျေးများတက်ခဲ့သည်။  

Ref: AFP

Most Read

Most Recent