mpox ရောဂါသည် COVID-19 ကပ်ရောဂါကဲ့သို့ မဟုတ်ကြောင်း WHO ပြောကြား

mpox ရောဂါသည် COVID-19 ကပ်ရောဂါကဲ့သို့ မဟုတ်ကြောင်း WHO ပြောကြား
သြဂုတ် ၁၇ ရက်က  ဒီအာကွန်ဂိုနိုင်ငံ ဂိုမာမြို့ရှိ Nyiragongo အထွေထွေဆေးရုံတွင် mpox ကုသရေးစင်တာကို တွေ့ရစဉ်(Photo:AFP)
သြဂုတ် ၁၇ ရက်က  ဒီအာကွန်ဂိုနိုင်ငံ ဂိုမာမြို့ရှိ Nyiragongo အထွေထွေဆေးရုံတွင် mpox ကုသရေးစင်တာကို တွေ့ရစဉ်(Photo:AFP)
Published 21 August 2024

လူအများစုသည် mpox ဗိုင်းရပ်စ်အကြောင်းနှင့် ယင်းကို ထိန်းချုပ်နိုင်သည့်နည်းလမ်းများကို သိရှိထားပြီးဖြစ်သည့်အတွက် mpox သည်နောက်ထပ် COVID-19 ရောဂါကဲ့သို့မဟုတ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သြဂုတ် ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အသစ်တွေ့ရှိခဲ့သည့် mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1 bသည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက်တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့သည်။

mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1 b နှင့် ပတ်သက်၍ နောက်ထပ်သုတေသနများစွာ ပြုလုပ်ရန် လိုအပ်နေသော်လည်း mpox  ကူးစက်ပျံ့နှံ့မှုကို ထိန်းထားနိုင်ကြောင်း WHO ၏ ဥရောပဆိုင်ရာ ညွှန်ကြားရေးမှူး ဟန်းစ်ကလော့ခ်က ဆိုသည်။

“mpox ရောဂါဟာ ကိုဗစ်ရောဂါအသစ် မဟုတ်ပါဘူး”ဟု ၎င်းကဆိုသည်။

“ကျွန်တော်တို့တွေ mpox ကိုဘယ်လို ထိန်းချုပ်ရမလဲဆိုတာ သိထားပါတယ်။ဒါ့ပြင် ဥရောပဒေသမှာ mpox ရောဂါကူးစက်ပျံ့နှံ့မှုတွေကို အတူတကွရှင်းလင်းပစ်ဖို့လိုအပ်တဲ့ အဆင့်တွေကို လုပ်ဆောင်နေပါတယ်” ဟု၎င်းက အွန်လိုင်းမှ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ် ဇူလိုင်လက WHO သည် အမျိုးသားအချင်းချင်း လိင်ဆက်ဆံသူအများစုတွင် ကူးစက်ဖြစ်ပွားသည့် mpox ၏ ပြင်းထန်မှုမရှိသော Clade 2 bမျိုးကွဲကို ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအ နေအဖြစ်ကြေညာခဲ့သည်။ ယင်းကြေညာချက်ကို ၂၀၂၃ ခုနှစ် မေလတွင် ရုပ်သိမ်းခဲ့သည်။

“ကူးစက်ဖြစ်ပွားမှု အများဆုံးအသိုင်းအဝိုင်းတွေနဲ့ တိုက်ရိုက်ထိတွေ့ လုပ်ဆောင်မှုရဲ့ အကျိုးကျေးဇူးကြောင့် ဥရောပမှာmpox ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့ပါတယ်”ဟု ကလော့ခ်က ဆိုသည်။

ကူးစက်ဖြစ်ပွားသည့် အသိုင်းအဝိုင်းများတွင် ခိုင်မာသောစောင့်ကြည့်မှုများ၊ ရောဂါဖြစ်ပွားသူများနှင့် ထိတွေ့မှုရှိသူများကို စုံစမ်းထောက်လှမ်းမှုများ၊ အပြုအမူပြောင်းလဲမှုများနှင့် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန် ကာကွယ်ဆေးထိုးနှံမှုများကို လုပ်ဆောင်ခဲ့သည်ဟု ၎င်းက ဆိုသည်။

အများပြည်သူလူထုဆီ ကူးစက်နိုင်ခြေသည် အလွန်လျော့နည်းကြောင်း ၎င်းက ထပ်မံပြောကြားခဲ့သည်။

“နောက်ထပ် ကိုဗစ်လိုမျိုး WHO ဥရောပဒေသမှာ လော့ဒေါင်းချဖို့လိုလားလို့ မေးရင်တော့ အဖြေက ရှင်းပါတယ်။ မလိုပါဘူး”ဟု ၎င်းက ဆိုသည်။

Clade 1 b သည် အထူးသဖြင့်အရွယ်ရောက်ပြီး သူများအကြား လိင်ပိုင်းဆိုင်ရာဆက်ဆံမှုမှတစ်ဆင့် အဓိက ကူးစက်ပျံ့နှံ့သည်။

mpox  ကူးစက်ခံထားရသူ အထူးသဖြင့် ပါးစပ်ထဲတွင် ရည်ကြည်ဖုပေါက်သူသည် နေအိမ်တွင် သို့မဟုတ် ဆေးရုံများတွင် စသည့်နေရာများ၌ အနီးကပ်ထိတွေ့သူများထံ စကားပြောဆိုရာမှ ထွက်လာသော တံတွေးအရည် စက်လေးများမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်နိုင်ဖွယ်ရှိသည်ဟု ကလော့ခ်က ပြောပြခဲ့သည်။

WHO ပြောခွင့်ရပုဂ္ဂိုလ် တာရစ်ဂျာဆာဗစ်က WHO အနေဖြင့် နှာခေါင်းစည်းအသုံးပြုရန် အကြံပြု ထုတ်ပြန်ထားခြင်းမရှိကြောင်း ပြောကြားခဲ့သည်။                           

Ref:AFP

Most Read

Most Recent