ထိုင်းတွင် mpox  ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသည်ဟု ယူဆရသည့် ပထမဆုံးလူနာကို တွေ့ရှိ

ထိုင်းတွင် mpox  ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်ခံရသည်ဟု ယူဆရသည့် ပထမဆုံးလူနာကို တွေ့ရှိ
သြဂုတ် ၂၁ ရက်က ဘန်ကောက်မြို့တော်ရှိ ရောဂါထိန်းချုပ်ရေးဌာနာအကြီးအကဲ သွန်ချိုင်က နိုင်ငံအတွင်း mpox ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AFP)
သြဂုတ် ၂၁ ရက်က ဘန်ကောက်မြို့တော်ရှိ ရောဂါထိန်းချုပ်ရေးဌာနာအကြီးအကဲ သွန်ချိုင်က နိုင်ငံအတွင်း mpox ဗိုင်းရပ်စ်ကူးစက်မှုနှင့်ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(Photo:AFP)
Published 21 August 2024

ထိုင်းနိုင်ငံတွင် ပိုမိုပြင်းထန်သည့် mpox ဗိုင်းရပ်စ် မျိုးကွဲသစ်ကူးစက်ခံရသည်ဟု ယူဆရသည့် ပထမဆုံးဖြစ်စဉ်ကို တွေ့ရှိခဲ့ကြောင်း အာဏာပိုင်များက သြဂုတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။

အသစ်တွေ့ရှိခဲ့သည့် mpox ဗိုင်းရပ်စ်မျိုးကွဲ Clade 1b သည် ပိုမိုပြင်းထန်ပြီး ပိုမိုကူးစက်လွယ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြောကြားခဲ့ပြီး သြဂုတ် ၁၄ ရက် တွင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။

ထိုင်းတွင်တွေ့ရသည့် လူနာသည် သြဂုတ် ၁၄ ရက်က ဘန်ကောက်မြို့တော်ကို ရောက်ရှိခဲ့ပြီး တစ်ရက်အကြာတွင် mpox ရောဂါလက္ခဏာများနှင့်အတူ ဆေးရုံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ရောဂါထိန်းချုပ်ရေးဌာန၏ အကြီးအကဲ သွန်ချိုင်ကီရာ တီဟတ္တယာကွန်းက ပြောကြားခဲ့သည်။

ထိုလူနာကို ကူးစက်သည့် ဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်မှုများ ပြုလုပ်နေပြီး တာဝန်ရှိသူများကမူ ထိုဗိုင်းရပ်စ်သည် Clade 1 မျိုးကွဲဖြစ်နိုင်ကြောင်း ယူဆထားကြသည်။

ရောဂါကူးစက်ခ့ရသူသည် အသက် ၆၆ နှစ်အရွယ် ဥရောပနိုင်ငံသားတစ်ဦးဖြစ်ပြီး အာဖရိကမှ ထိုင်းနိုင်ငံသို့ ရောက်ရှိလာခဲ့ကာ လက်ရှိတွင် ကွာရန်တင်းဝင်နေသည်။

“ကျွန်တော်တို့ ဓာတ်ခွဲစမ်းသပ်မှုတွေ လုပ်နေပါတယ်။ ဒါဟာ mpox ဗိုင်းရပ်စ်ဖြစ်ပြီး Clade 2 မျိုးကွဲမဟုတ်ပါဘူး။ Clade 1 မျိုးကွဲဖြစ်လိမ့်မယ်လို့ ထင်ရပါတယ်။ ဒါပေမယ့် ဓာတ်ခွဲခန်းရဲ့ နောက်ဆုံးရလဒ်ကို နောက်ထပ် နှစ်ရက်လောက်အထိ စောင့်ကြည့်ရမှာပါ”ဟု သွန်ချိုင်က ပြောကြားခဲ့သည်။

ကျန်းမာရေးအရာရှိများသည် ထိုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သည့် လူပေါင်း ၄၂  ဦးကိုလည်း အနီးကပ်စောင့်ကြည့်နေကြောင်း သွန်ချိုင်က ပြောကြားခဲ့သည်။

Mpox ရောဂါကူးစက်မှုများနှင့် သေဆုံးမှုများသည် အာဖရိကတွင် မြင့်တက်နေပြီး ဇူလိုင်လကတည်းက ဒီအာရ်ကွန်ဂို၊ ဘူရန်ဒီ၊ ကင်ညာ၊ ရဝမ်ဒါနှင့် ယူဂန်ဒါနိုင်ငံတို့တွင် ကူးစက်ပျံ့နှံ့လျက်ရှိသည်။

ဖိလစ်ပိုင်နိုင်ငံတွင် ယခုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် mpox ရောဂါကူး စက်ခံရသူကို တွေ့ရှိခဲ့ကြောင်း သြဂုတ် ၁၉ ရက်က ကြေညာခဲ့သော်လည်း ထိုရောဂါသည် ကမ္ဘာတစ်ဝန်းစိုးရိမ်မှုများ မြင့်တက်စေခဲ့သည့် ပြင်းထန်သည့် Clade 1 မျိုးကွဲသစ် မဟုတ်ကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီး တီအိုဒိုရို ဟာဘိုဆာက သြဂုတ် ၂၂ ရက်တွင် ပြောကြားခဲ့သည်။

“လူနာကို ကူးစက်တဲ့ ဗိုင်းရပ်စ်က အရင်မျိုးကွဲအဟောင်းပါ”ဟု ဟာဘိုဆာက ရောဂါပြင်းထန်ခြင်းမရှိသည့် Clade 2 မျိုးကွဲကို ရည်ညွှန်းပြောကြားခဲ့သည်။

Mpox ရောဂါ၏ လက္ခဏာရပ်များတွင် အဖျားတက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ရောင်ရမ်းခြင်း၊ ခါးနာခြင်းနှင့် ကြွက်သားများ နာကျင်ခြင်းတို့ ပါဝင်သည်။

အဖျားပျောက်ပြီးသည်နှင့် အဖုအပိမ့်များ ဖြစ်ပေါ်လာတတ်ပြီး မျက်နှာပေါ်မှ စတင်ကာ ခန္ဓာကိုယ်၏ အခြားအစိတ်အပိုင်းများသို့ ပျံ့နှံ့သွားနိုင်သည်။ အများအားဖြင့် လက်ဖဝါးနှင့် ခြေဖဝါးများတွင် အဖြစ်များ သည်။

အလွန်အမင်း ယားယံခြင်း သို့မဟုတ် နာကျင်ခြင်းဖြစ်နိုင်သည့် အဖုအပိမ့်များသည် နောက်ဆုံးတွင် အနာဖေးမဖြစ်ပေါ်မီ အဆင့်အမျိုးမျိုးသို့ ပြောင်းလဲသွားကာ နောက်ဆုံးတွင် ကျွတ်ထွက်သွားသည်။ အနာများက အမာရွတ်များ ဖြစ်ကျန်စေနိုင်သည်။

ရောဂါပိုးသည် အများအားဖြင့် သူ့အလိုလို ရှင်းလင်းသွားပြီး ၁၄ ရက်မှ ၂၁ ရက်ကြား ကြာမြင့်သည်။ Mpox သည် ရောဂါပိုးရှိသူနှင့် အနီးကပ်ထိတွေ့ခြင်းမှတစ်ဆင့် လူတစ်ဦးမှ တစ်ဦးသို့ ကူးစက်တတ်သည် ။ လိင်ဆက်ဆံ ခြင်း၊ အရေပြားချင်း ထိတွေ့ခြင်း၊ အခြားသူတစ်ဦးနှေင့် နီးကပ်စွာ စကားပြောခြင်း သို့မဟုတ် အသက်ရှူခြင်းတို့ အပါအဝင်ဖြစ်သည်။

Ref:AFP

Most Read

Most Recent