ဒေသတွင်း စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းသွားမည်ဟု တောင်ကိုရီးယား၊ဂျပန်နှင့် အမေရိကန်ခေါင်းဆောင်များ ကတိပြု

ဒေသတွင်း စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းသွားမည်ဟု တောင်ကိုရီးယား၊ဂျပန်နှင့် အမေရိကန်ခေါင်းဆောင်များ ကတိပြု
၂၀၁၃ ခုနှစ်က အမေရိကန်နိုင်ငံ Camp David စစ်စခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လမ်းလျှောက်လာသည့် ယွန်းဆက်ယို(ဝဲ)၊ ဘိုင်ဒင် (လယ်) နှင့် ကီရှီဒါတို့ကို တွေ့ရစဉ်
၂၀၁၃ ခုနှစ်က အမေရိကန်နိုင်ငံ Camp David စစ်စခန်းတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ရန် လမ်းလျှောက်လာသည့် ယွန်းဆက်ယို(ဝဲ)၊ ဘိုင်ဒင် (လယ်) နှင့် ကီရှီဒါတို့ကို တွေ့ရစဉ်
Published 18 August 2024

ဒေသတွင်း စိန်ခေါ်မှုများကို ပူးပေါင်းဖြေရှင်းသွားမည်ဟု တောင်ကိုရီးယား၊ဂျပန်နှင့်အမေရိကန် ခေါင်းဆောင်များက သြဂုတ် ၁၈ ရက်တွင် ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့သည်။

အမေရိကန်နိုင်ငံ Camp David စစ်စခန်းတွင် သုံးပွင့်ဆိုင် အစည်းအဝေးပြုလုပ်ခဲ့သည့် နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ထိုကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်ဟု တောင်ကိုရီးယားသမ္မတရုံးက ပြောကြား ခဲ့သည်။

ပြီးခဲ့သည့်နှစ်က Camp David တွင် ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်ရေး မူဘောင်များသည် သုံးနိုင်ငံအကြား  ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံတစ်ခုဖြစ်ကြောင်း တောင်ကိုရီးယားသမ္မတ  ယွန်းဆော့ယို၏ ရုံးက ထုတ်ပြန်ခဲ့သည်။

မိမိတို့၏ ပူးပေါင်းအကျိုးစီးပွားများနှင့် လုံခြုံရေးကို ထိခိုက်နေသည့် ဒေသတွင်း စိန်ခေါ်မှုများ၊ ရန်စမှုများနှင့် ခြိမ်းခြောက်မှုများကို ပူးပေါင်းဖြေရှင်းမည့် မိမိတို့၏ ကတိကဝတ်အတိုင်း ရပ်တည်ခဲ့ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြခဲ့သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၊ ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် တောင်ကိုရီးယားသမ္မတ ယွန်းတို့သည် ပြီးခဲ့သည့်နှစ် သြဂုတ် ၁၈ ရက်က Camp David စစ်စခန်းတွင် တွေ့ဆုံခဲ့ပြီး စစ်ရေးနှင့်စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများကို တိုုးမြှင့်ရန်နှင့် မြောက်ကိုရီးယား၏ လုံခြုံရေးခြိမ်းခြောက်မှုများ၊ တရုတ်၏ ကြီးမားလာသည့် သြဇာအာဏာကို တန်ပြန်ရန် စည်းလုံးစွာရပ်တည်သွားရန် သဘောတူခဲ့ကြသည်။

ယခုနှစ်အတွင်းတွင်လည်း ခေါင်းဆောင်သုံးဦးသည် ထပ်မံတွေ့ဆုံရန် စီစဉ်ထားကြောင်း တောင်ကိုရီးယား မီဒီယာက ဖော်ပြခဲ့သော်လည်း ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ရာထူးမှနုတ်ထွက်မည်ဟု ကြေညာခဲ့ပြီးနောက် မည်သည့်အချိန်တွင် ထိုခေါင်းဆောင်သုံးဦး တွေ့ဆုံမည်ဆိုခြင်းကို သေချာစွာ မသိရသေးပေ။

ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် သုံးပွင့်ဆိုင်အစည်းအဝေးတွင်မူ အင်ဒို-ပစိဖိတ်ရေပြင်များတွင် ရှိရင်းစွဲအခြေအနေကို ပြောင်းလဲရန် မည်သည့်တစ်ဖက်သတ် ကြိုးပမ်းမှုများကိုမဆို ပြင်းထန်စွာ ဆန့်ကျင်ကြောင်း အစီရင်ခံစာထဲတွင် ဖော်ပြခဲ့ပြီး ဒေသတွင်း ကျွန်းငယ်များနှင့် ကျောက်တန်းများကို တရုတ်က စစ်ရေးအသွင်ဆောင်စေရန် လုပ်ဆောင်နေမှုကို ထောက်ပြခဲ့သည်။

ထိုင်ဝမ်ရေလက်ကြားတွင် ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး၏ အရေးကြီးမှုသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် လုံခြုံရေးနှင့် ချမ်းသာကြွယ်ဝရေး၏ မရှိမဖြစ် လိုအပ်သည့်အရာဖြစ်သည်ကို မိမိတို့အနေနှင့် ထပ်လောင်း အတည်ပြုကြောင်း အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ထိုင်ဝမ်နှင့်ပတ်သက်ပြီး မိမိတို့၏ အခြေခံကျသည့် ရပ်တည်ချက်များသည် အပြောင်းအလဲမရှိဘဲ ရေလက်ကြားဖြတ်ကျော် ပြဿနာများကို ငြိမ်းချမ်းစွာဖြေရှင်းရန် မိမိတို့ တောင်းဆိုကြောင်းလည်း အစီရင် ခံစာတွင် ဖော်ပြခဲ့သည်။

ထို့ပြင် ဘိုင်ဒင်က တောင်ကိုရီးယားနှင့် ဂျပန်အကြား သမိုင်းဝင်အမုန်းတရားများကို ပြည်ဖုံးကားချပြီး နှစ်နိုင်ငံဆက်ဆံရေး စာမျက်နှာသစ် ဖွင့်လှစ်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆက်ယိုနှင့် ဂျပန်ဝန်ကြီး ချုပ် ကီရှီဒါတို့၏ နိုင်ငံရေးသတ္တိကို ချီးကျူးခဲ့သည်။

၎င်းတို့သုံးဦး၏ အစည်းအဝေးသည် သမ္မတရှီကျင်းပင်လက်အောက်တွင် ထိုင်ဝမ်အနီး ဝန်းကျင်၌ အကြီးစားစစ်ရေး လေ့ကျင့်မှုများ အပါအဝင် အာရှနှင့် ပြည်တွင်းတွင် အင်အားပြနေသည့် တရုတ်နှင့် ပတ်သက်မှုမရှိကြောင်း ဘိုင်ဒင်က ပြောကြားခဲ့သည်။

အမေရိကန်၏ မဟာမိတ်များဖြစ်သည့် တောင်ကိုရီးယားနှင့် ဂျပန်တွင် အမေရိကန် စစ်သားအရေအတွက် ၈၄၅၀၀ ခန့်ရှိပြီး မကြာသေးမီက ၎င်းတို့နှစ်နိုင်ငံအကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်ခဲ့သည်။

Ref:Reuters/AFP

                  

 

Most Read

Most Recent