ဘင်္ဂလားဒေ့ရှ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်က ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာ

ဘင်္ဂလားဒေ့ရှ်တွင် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်က ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မည်ဟု သမ္မတရုံးက ထုတ်ပြန်ကြေညာ
မတ်  ၃ ရက်က ဒါကာမြိုကတော်ရှိ အလုပ်သမားရေးရာခုံရုံးတွင် အာမခံကို သက်တမ်းတိုးခဲ့ပြီးနောက် ခုံရုံးထဲမှထွက်လာသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ယူနွတ်ကို တွေ့ရစဉ်(Photo:AFP)
မတ်  ၃ ရက်က ဒါကာမြိုကတော်ရှိ အလုပ်သမားရေးရာခုံရုံးတွင် အာမခံကို သက်တမ်းတိုးခဲ့ပြီးနောက် ခုံရုံးထဲမှထွက်လာသည့် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ယူနွတ်ကို တွေ့ရစဉ်(Photo:AFP)
Published 7 August 2024

ဘင်္ဂလားဒေ့ရှ်တွင် ၂၀၀၆ ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်လည်းဖြစ်၊ စီးပွားရေးပညာရှင်လည်းဖြစ်သည့် မိုဟာမက် ယူနွတ်က ယာယီအစိုးရအဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်ကြောင်း သမ္မတရုံးက သြဂုတ် ၇ ရက်တွင် ကြေညာခဲ့ သည်။

နိုင်ငံအတွင်း ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် ရာထူးမှ နုတ်ထွက်ကာ နိုင်ငံအတွင်းမှ ထွက်ပြေးခဲ့ပြီးနောက် ယူနွတ်က ယာယီအစိုးရအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူပေါင်းသန်းချီကို ဆင်းရဲတွင်းထဲမှ ကယ်ထုတ်နိုင်မှုအတွက်  အသိအမှတ် ပြုခံထားရသည့် အသက် ၈၄ နှစ်အရွယ် ယူနွတ်ကို ယာယီအစိုးရအဖွဲ့အား ဦးဆောင်ရန် ဆန္ဒပြကျောင်းသားခေါင်းဆောင်များက တောင်းဆိုခဲ့ပြီးနောက် အဆိုပါ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ယာယီအစိုးရအဖွဲ့အား ဦးဆောင်မည့် သူခန့်အပ်ရေးကို သမ္မတ မိုဟာမက် ရှာဟာဘူဒင်၊ ကျည်း၊ရေ၊လေ တပ်ဖွဲ့များ၏ အကြီးအကဲများနှင့် ကျောင်းသားခေါင်းဆောင်များအကြား အစည်းအဝေးပြုလုပ်ခဲ့ပြီးနောက် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

“သူတို့က ပရော်ဖက်ဆာ ဒေါက်တာ မိုဟာမက် ယူနွတ်ကို ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းစေပြီး အဲဒီအစိုးရအဖွဲ့ကို ဦးဆောင်စေဖို့ ဆုံးဖြတ်ခဲ့ပါတယ်”ဟု ရှာဟာဘူဒင်၏ ရုံးက အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

ယူနွတ်သည် အကြံပေးအကြီးအကဲရာထူးကို ရရှိလိမ့်မည်ဟု အစည်းအဝေးတွင်ပါဝင်ခဲ့သည့် ခွဲခြားဆက်ဆံမှု ဆန့်ကျင်ရေး ကျောင်းသားများအဖွဲ့၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဟာအစ်အစ္စလာမ်က ပြောကြားခဲ့သည်။

ယာယီအစိုးရအဖွဲ့ကို တတ်နိုင်သမျှ အတိုတောင်းဆုံး အချိန်အတွင်း ဖွဲ့စည်းသွားရန်လည်း ရှာဟာဘူဒင်က သဘောတူခဲ့ကြောင်း အစ္စလာမ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုအစည်းအဝေးသည် အကျိုးများကြောင်း အစ္စလာမ်က ပြောကြားခဲ့သော်လည်း  စစ်တပ်၏ အခမ်းကဏ္ဍအပါအဝင် အစိုးရအဖွဲ့ ဖွဲ့စည်းရေးနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက် အနည်းငယ်သာ ထွက်ပေါ်ခဲ့သည်။

လက်ရှိတွင် ဥရောပ၌ရှိနေသည့် ယူနွတ်ကလည်း သူသည် ယာယီအစိုးရအဖွဲ့ကို ဦးဆောင်ရန် ဆန္ဒရှိကြောင်း သြဂုတ် ၆ ရက်က အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်မှ တစ်ခုခုလုပ်ဖို့လိုလာပြီဆိုရင် ကျွန်တော့်ရဲ့နိုင်ငံ၊ ကျွန်တော်တို့ရဲ့ ပြည်သူတွေအတွက် ကျွန်တော် တာဝန်ယူ လုပ်ဆောင်သွားမှာပါ”ဟု ယူနွတ်က ပြောကြားခဲ့ပြီး လွတ်လပ်သည့် ရွေးကောက်ပွဲပြု လုပ်ရန်လည်း တိုက်တွန်းခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လူငယ်များအကြား အလုပ်လက်မဲ့ဦးရေ မြင့်တက်နေချိန်တွင် အစိုးရအလုပ်အကိုင်များကို ခွဲတမ်းချသည့်စနစ်ကို ဆန့်ကျင်သည့် ကျောင်းသားများက ဦးဆောင်ပြီး ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်လအတွင်း ဆန္ဒပြမှုများပြင်း ထန်လာခဲ့ပြီး သေဆုံးသူ ၃၀၀ ထက်မနည်းရှိ လာခဲ့ပြီးနောက် သြဂုတ် ၅ ရက်တွင် ရှိတ်ဟာ ဆီနာသည် ရာထူးမှနုတ်ထွက်ပြီး နိုင်ငံအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်။ သတင်းများအရ ဟာဆီနာကို အိန္ဒိယနိုင်ငံ ဒေလီမြို့အနီးစစ် လေယာဉ်ကွင်းအနီးတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။       

Ref:AFP

 

 

 

Most Read

Most Recent