ဆေးရွက်ကြီး၊ ပြုပြင်ထားသည့်အစားအစာ၊ ရုပ်ကြွင်းလောင်စာနှင့် အဖျော်ယမကာလုပ်ငန်းများကြောင့် ပြီးခဲ့သည့်နှစ်က ဥရောပတွင် လူပေါင်း ၂ ဒသမ ၇ သန်း သေဆုံးခဲ့ကြောင်း WHO ပြောကြား

ဆေးရွက်ကြီး၊ ပြုပြင်ထားသည့်အစားအစာ၊ ရုပ်ကြွင်းလောင်စာနှင့် အဖျော်ယမကာလုပ်ငန်းများကြောင့် ပြီးခဲ့သည့်နှစ်က ဥရောပတွင် လူပေါင်း ၂ ဒသမ ၇ သန်း သေဆုံးခဲ့ကြောင်း WHO ပြောကြား
Photo:cancercenter.com
Photo:cancercenter.com
Published 12 June 2024

ဆေးရွက်ကြီး၊ အလွန်အကျွံပြုပြင်ထားသည့် အစားအစာများ၊ ရုပ်ကြွင်းလောင်စာနှင့် အဖျော်ယမကာများ အစရှိသည့် အဓိက လုပ်ငန်းလေးခုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း ဥရောပတွင် လူပေါင်း ၂ ဒသမ ၇ သန်းခန့် သေဆုံးခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ WHO က ဇွန်  ၁၂ ရက်တွင် ပြောကြားခဲ့ပြီး ထိုလုပ်ငန်းလေးမျိုးအတွက် တာဝန်ရှိသူများသည် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်နိုင်မည့် အများပြည်သူဆိုင်ရာ မူဝါဒများ ချမှတ်မှုကို တားဆီးပိတ်ပင်နေကြောင်း စွပ်စွဲခဲ့သည်။

“အဲဒီလုပ်ငန်းလေးခုဟာ ကျွန်တော်တို့ဒေသမှာ တစ်နေ့ကို လူ ၇၀၀၀ လောက် သတ်ဖြတ်သလိုဖြစ်နေပါတယ်”ဟု ဗဟိုအာရှအ ပါအဝင် နိုင်ငံပေါင်း ၅၃ နိုင်ငံပါဝင်သည့် WHO ၏ ဥရောပဒေသခွဲမှ ညွှန်ကြားရေးမှူး ဟန်းစ် ကလူဂါက ပြောကြားခဲ့သည်။

ထိုလုပ်ငန်းလေးခုကို နိုင်ငံပေါင်းစုံပါ ဝင်သည့် ကုမ္ပဏီအနည်းငယ်က ပေါင်းစပ်လုပ်ကိုင်နေခြင်းဖြစ်သဖြင့် ၎င်းတို့သည် နိုင်ငံ ရေးနှင့် တရားရေးအခြေအနေများတွင် သိသာထင်ရှားသည့် သြဇာအာဏာကို ရရှိစေခဲ့ကာ ၎င်းတို့လုပ်ငန်းများ၏ အကျိုးအမြတ်များကို ထိခိုက်စေမည့် အများပြည်သူဆိုင်ရာ စည်းမျဉ်းစည်းကမ်းချမှတ်မှုများကို တားဆီးပိတ်ပင်လျက်ရှိကြောင်း WHO က ထုတ်ပြန်ခဲ့သည်။

ထိုလုပ်ငန်းများ၏ နည်းဗျူဟာများထဲတွင် ပစ်မှတ်ထားသည့် မားကက်တင်း မဟာဗျူဟာများမှတစ်ဆင့် စိတ်ဓာတ်ပျော့ညံံ့သူ များကို အမြတ်ထုတ်မှုများ၊ စားသုံးသူများကို  လှည့်စားမှု၊ ၎င်းတို့ ထုတ်ကုန်များ၏ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှု သို့မဟုတ် အကျိုးကျေးဇူးများနှင့်ပတ်သက်ပြီး မှားယွင်းကြေညာမှုများပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

“အဲဒီနည်းဗျူဟာတွေဟာ ပြီးခဲ့တဲ့ရာ စုနှစ်ထဲမှာ အများပြည်သူ့ ကျန်းမာရေး တိုးတက်မှုတွေကို ခြိမ်းခြောက်ရာရောက်ခဲ့ပြီး နိုင်ငံတွေကို သူတို့ရဲ့ ကျန်းမာရေးရည်မှန်းချက်တွေ ပြည့်မီစေမယ့်အရေးကနေ ဟန့်တားရာရောက်ခဲ့ပါတယ်” ဟု ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ထိုလုပ်ငန်းများအတွက် လော်ဘီလုပ် ပေးနေမှုများသည် နှလုံးရောဂါ၊ ကင်ဆာရေဂါနှင့် ဆီးချိုရောဂါများကဲ့သို့ ကူးစက်ရောဂါ မဟုတ်သည့် ရောဂါများကို ကိုုင်တွယ်ဖြေရှင်းမည့် အားထုတ်ကြိုးပမ်းမှုများကို နှောင့်နှေးကြန့်ကြာစေခဲ့သည်ဟု WHO က ပြောသည်။

ဥရောပတွင် နေထိုင်သည့် အရွယ်ရောက်ပြီးသူများအနက် ၆၀ ရာခိုင်နှုန်းနီးပါးနှင့် ကလေးသုံးပုံ တစ်ပုံသည် အဝလွန်နေကြောင်း WHO က ပြောကြားခဲ့သည်။

နောက်ဆုံးထုတ်ပြန်ခဲ့သည့် အချက်အလက်ဖြစ်သည့် ၂၀၁၇ ခုနှစ်က လေ့လာချက် တစ်ခုတွင် ကျန်းမာရေးနှင့်မညီညွတ်သည့် စားသောက်ပုံကြောင့် ဥရောပ၌ သေဆုံးသူ ငါးဦးလျှင်တစ်ဦးသည် နှလုံးရောဂါနှင့် ကင်ဆာရောဂါများကို ခံစားခဲ့ရကြောင်း ဖော်ပြခဲ့ သည်။

နိုင်ငံများအနေဖြင့် ကျန်းမာရေးနှင့်မညီညွတ်သည့် ထုတ်ကုန်များ၏ ကြော်ငြာများ၊  စျေးကွက်ကို လက်ဝါးကြီးအုပ်မှုများနှင့် လော် ဘီလုပ်မှုများနှင့်ပတ်သက်ပြီး စည်းမျဉ်းစည်းကမ်းများကို တင်းကျပ်ရန် WHO က တိုက်တွန်းခဲ့သည်။

“လူသားတွေရဲ့ ကျန်းမာရေးကို ငွေကြေးအကျိုးအမြတ်ထက်ပိုပြီး ဦးစားပေးရမှာ ဖြစ်ပါတယ်”ဟု ကလူဂါက ပြောကြားခဲ့သည်။

                                          Ref:AFP

Most Read

Most Recent