ယခုနှစ်ထဲတွင် စကားစစ်ထိုးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်၍ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟဲရစ်နှင့် နောက်တစ်ကြိမ် စကားစစ်ထိုးပွဲ မလုပ်တော့ဟု ဒေါ်နယ်ထရန့်က Truth Social တွင် ရေးသား

ယခုနှစ်ထဲတွင် စကားစစ်ထိုးပွဲ နှစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်၍ ဒီမိုကရက်တစ်သမ္မတလောင်း ကာမလာဟဲရစ်နှင့် နောက်တစ်ကြိမ် စကားစစ်ထိုးပွဲ မလုပ်တော့ဟု ဒေါ်နယ်ထရန့်က Truth Social တွင် ရေးသား
အရီဇိုးနားပြည်နယ် တက်ဆွန်မြို့၌ ပြုလုပ်သော စည်းရုံးရေးပွဲတွင် ဒေါ်နယ်ထရန့် စည်းရုံးပြောကြားနေပုံကို စက်တင်ဘာ ၁၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
အရီဇိုးနားပြည်နယ် တက်ဆွန်မြို့၌ ပြုလုပ်သော စည်းရုံးရေးပွဲတွင် ဒေါ်နယ်ထရန့် စည်းရုံးပြောကြားနေပုံကို စက်တင်ဘာ ၁၂ ရက်တွင် တွေ့ရစဉ်(Photo:AFP)
Published 14 September 2024

ဒေါ်နယ်ထရန့်က ၎င်းသည် ကာမလာဟဲရစ်နှင့်နောက်တစ်ကြိမ် စကားစစ်ထိုးရာ၌ ပါဝင်လိမ့်မည်မဟုတ်ဟု စက်တင်ဘာ ၁၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

သမ္မတလောင်းနှစ်ဦးသည် ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် သမ္မတရွေးကောက်ပွဲအတွက် အဆုံးအဖြတ်ပေးသည့် ပြည်နယ်များသို့ စည်းရုံးရေး ပြန်ဆင်းနေချိန်တွင် ရီပတ်ဘလီက သမ္မတလောင်း ဒေါ်နယ်ထရန့်က အထက်ပါအတိုင်း ဖော်ပြလိုက်ခြင်းဖြစ်သည်။

အမေရိကန်ပြည်ထောင်စုတစ်ဝန်း ကြည့်ရှုသူ ၆၇ သန်းရှိခဲ့သော ပြင်းထန်သည့် စကားစစ်ထိုးပွဲ၌ ဟဲရစ်က ထရန့်ကို ခံစစ် အနေအထားဖြစ်အောင် စွမ်းဆောင်ပြခဲ့ပြီး နောက်နှစ်ရက်အကြာတွင် ပြိုင်ဘက်နှစ်ဦးသည် နိုဝင်ဘာရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးမည့် အရေးပါသော ပြည်နယ်များထံ စည်းရုံးရေး ပြန်ဆင်းနေကြခြင်းဖြစ်သည်။ ဖီလာဒယ်လ်ဖီးယား စကားစစ်ထိုးပွဲတွင် ဟဲရစ်က ထရန့်ကို အခံချင်အောင် မကြာခဏ ထိုးနှက်ဝေဖန်ခဲ့သောကြောင့် အဆိုပါစကား စစ် ထိုးပွဲတွင် ဒီမိုကရက်တစ် သမ္မတလောင်းလည်းဖြစ် လက်ရှိဒုတိယသမ္မတလည်းဖြစ်သော ဟဲရစ်က အသာရခဲ့သည်ဟု ဒီမိုကရက်တို့က ယုံကြည်နေကြသည်။

“တတိယအကြိမ် စကားစစ်ထိုးပွဲရှိလာမှာ မဟုတ်ပါဘူး”ဟု အသက် ၇၈ နှစ်အရွယ် သမ္မတဟောင်းထရန့်က ၎င်း၏ Truth Social တွင် ရေးသားခဲ့သည်။ ၎င်းသည် ဇွန်လထဲတွင် ဂျိုးဘိုင်ဒင်နှင့် စကားစစ်ထိုးခဲ့ပြီး စက်တင်ဘာ ၁၀ ရက်တွင် ကာမလာဟဲရစ်နှင့်လည်း စကားစစ်ထိုးခဲ့ပြီးပြီဟု ထရန့်က ဖော်ပြခဲ့သည်။

“ကျွန်တော်ဟာ ရဲဘော်ရဲဘက် ကာမလာဟဲရစ်ကို အနိုင်ရခဲ့တယ်ဆိုတာ လူထုစစ်တမ်းတွေက ရှင်းရှင်းလင်းလင်း ဖော်ပြနေပါတယ်”ဟု ထရန့်က ရေးသားခဲ့သည်။ သို့ရာတွင် အမေရိကန်ပြည်သူ ၆၇ သန်းကြည့်ရှုခဲ့သော စကားစစ်ထိုးပွဲတွင် ဟဲရစ်အသာရခဲ့သည်ဟု ကြားဖြတ်စစ်တမ်းများက ဖော်ပြနေသည့်တိုင် စက်တင်ဘာ ၁၀ ရက် စကားစစ်ထိုးပွဲတွင် ထရန့်က ၎င်းအနိုင်ရသည်ဟု ဖော်ပြခဲ့သည်။

အမေရိကန်ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးသော ပြည်နယ်တစ်ခုဖြစ်သည့် မြောက်ကာရိုလိုင်းနားပြည်နယ်တွင် ပြုလုပ် ခဲ့သည့် စည်းရုံးရေးပွဲတွင် ဟဲရစ်က ၎င်းတို့နှစ်ဦး နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမတိုင်မီ ထပ်မံစကားစစ်ထိုးမည်ဟု ပြောကြားခဲ့သည်။ ဟဲရစ်အနေအဖြင့် Truth Social တွင် ထရန့်ရေးထားသည်များကို သိမသိဆိုသည်မှာ မရှင်းလင်းပေ။

“လွန်ခဲ့တဲ့ နှစ်ညမှာ ဒေါ်နယ်ထရန့်နဲ့ ကျွန်မတို့ ပထမဆုံး စကားစစ်ထိုးခဲ့ပါတယ်။ နောက်တစ်ကြိမ် စကားစစ်ထိုးဖို့ ကျွန်မတို့ ဟာ အမေရိကန် မဲဆန္ဒရှင်ပြည်သူတွေအတွက် ဝတ္တရားရှိတယ်လို့ ယုံကြည်ပါတယ်”ဟု ၎င်းက ချားလော့မြို့တွင် ပြုလုပ်သော စည်းရုံးရေးပွဲ၌ ထောက်ခံသူများကို ပြောကြားခဲ့သည်။

အသက် ၅၉ နှစ်ရှိ ဟဲရစ်သည် စကားစစ်ထိုးပွဲတွင် အသာရခဲ့သော အရှိန်အဟုန်ကို အပိုင်အသုံးချရန် ကြိုးပမ်းသည့် အနေအဖြင့် စက်တင်ဘာ ၁၂ ရက်တွင် မြောက်ကာရို လိုင်းနားပြည်နယ်သို့ သွားခဲ့ပြီး ရှားလော့မြို့နှင့် ဂရင်းစ်ဘိုရိုမြို့တို့တွင် “ရှေ့သို့ချီမည့် လမ်းသစ်”ကို ကတိပြုမည့်စည်းရုံးရေးပွဲများကို ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း သိရသည်။

Ref:AFP

 

Most Read

Most Recent