အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို PSG အသင်း ပေးချေရန် ပြင်သစ်လိဂ် ဆုံးဖြတ်

အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို PSG အသင်း ပေးချေရန် ပြင်သစ်လိဂ် ဆုံးဖြတ်
Photo: AFP
Photo: AFP
Published 14 September 2024

 

PSG အသင်းအနေဖြင့် တိုက်စစ်မှူးဟောင်း အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို ပေးချေရန် ပြင်သစ်ဘောလုံးလိဂ် (LFP) က ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

အမ်ဘာပေ (၂၅ နှစ်) သည် အသင်းဟောင်း PSG ထံမှ ယူရို ၅၅ သန်း (ဒေါ်လာ သန်း ၆၀) မရသေးသဖြင့် ကြားဝင်ဖြေရှင်းပေးရန် ပြင်သစ်ဘောလုံးလိဂ် ဥပဒေရေးရာ ကော်မရှင်ထံ တောင်းဆိုမှုကြောင့် စက်တင်ဘာ ၁၁ ရက်က ပါရီမြို့၌ ၎င်း၏ ကိုယ်စား လှယ်အဖွဲ့နှင့် PSG အသင်း တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့သည်။ 

အဆိုပါတွေ့ဆုံမှု တွင် ဥပဒေရေးရာကော်မရှင်၏ ဖျန်ဖြေရန် ကမ်းလှမ်းမှုကို အမ်ဘာပေဘက်မှ လက်မခံဘဲ ငြင်းပယ်ခဲ့သည်။ ထို့နောက် LFP က PSG အသင်းအနေဖြင့် အမ်ဘာပေအား ပေးရန်ကျန်ရှိသည့် ယူရို ၅၅ သန်းကို ပေးချေရန်  ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

PSG အသင်းကမူ ပေးချေရန် ဆန္ဒမရှိကြောင်းနှင့် ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း တုံ့ပြန်ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၂၀၂၃ နွေရာသီတွင် အမ်ဘာပေက စာချုပ်သက်တမ်းမတိုးရန် ဆုံးဖြတ်ခဲ့ပြီးနောက် PSG အသင်းက ၎င်းအား လူစာရင်းမှ ချန်လှပ်ထားစဉ် ပြန်လည် ကစားခွင့်ရရန် အပိုဆုကြေးခံစားခွင့်များမယူဘဲ လက်လျှော့မည့် သဘောတူညီမှုရရှိခဲ့ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။

အမ်ဘာပေတောင်းဆိုထားသည့် ယူရို ၅၅ သန်းမှာ သုံးလစာ လစာငွေနှင့် သစ္စာစောင့်သိမှုဆုကြေး၏ နောက်ဆုံးအဆင့် (တတိယအကြိမ်) ပေးချေမှုဖြစ်သည်။

Most Read

Most Recent