သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီး ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန် ဒဏ်ရာရရှိ

သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီး ကျေးရွာတွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန် ဒဏ်ရာရရှိ
Published 14 September 2024

သံဖြူဇရပ်မြို့နယ် အပြင်စခန်းကြီးကျေးရွာတွင် စက်တင်ဘာ ၁၂  ရက်  ညနေပိုင်း က လက်နက်ကြီး ကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတစ်ဦး ပြင်းထန် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

စက်တင်ဘာလ (၁၂) ရက်နေ့ ညနေ (၄) နာရီအချိန်ခန့်က ထို အပြင်စခန်းကြီကျေးရွာအနီး ရော်ဘာခြံအတွင်းလက်နက်ကြီးတစ်လုံးကျရောက်ပေါက်ကွဲခဲ့ကြောင်းနှင့်လက်နက်ကြီးပေါက်ကွဲမှုကြောင့် အသက် (၃၇) နှစ်အရွယ် ဦးဉာဏ်ထွန်း ဆိုသူမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောကြားသည်။

၎င်းကဆက်လက်ပြီး “လက်နက်ကြီးကျည်စထိသွားတဲ့ ဦးဉာဏ်ထွန်းရဲ့ နောက်ကျောမှာ ပေါက်ပြဲဒဏ်ရာ နှစ် ချက်ရသွားတယ်။ ဒဏ်ရာကတော်တော်ပြင်းထန်တယ် ဟု ပြောကြားသည်။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သူ ဦးဉာဏ်ထွန်းမှာ သံဖြူဇရပ်မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း ၎င်းဒေသခံက ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၁၁) ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် အတွင်းစခန်းကြီးကျေးရွာအနီး ရော်ဘာခြံအတွင်း ဒေသခံခြံသမားတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ခြေထောက်၊ လက်နှင့် ဝမ်းဗိုက်တို့တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရသည်။

အလားတူ ပြီးခဲ့သည့် ဩဂုတ်လ (၁၅) ရက်နေ့ညပိုင်းအချိန်ကလည်း သံဖြူဇရပ်မြို့နယ် ရဲတံခွန်ကျေးရွာအနီးရှိ ရော်ဘာခြံထဲသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့်အတွက်ကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် (၅) ဦးပြင်းထန်ဒဏ်ရာများရရှိခဲ့သေးကြောင်း ဒေသခံများထံမှ သိရသည်။

Most Read

Most Recent