ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိသော်လည်း လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် မိုးဇလ သတိပေး

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိသော်လည်း လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် မိုးဇလ သတိပေး
Published 19 July 2024

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နေပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ခြင်းမရှိသော်လည်း လေပြင်းတိုက်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်သဖြင့် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက သတိပေးထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် နေ့လည် နာရီခွဲအချိန် တိုင်းထွာချက်များအရ  ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက် မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလား ပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန် နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ်မြောက်ပိုင်းကမ်းခြေတို့သို့ ရောက်ရှိခဲ့ပြီး၊ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့သည်ဟု မိုးဇလက ဆိုသည်။

အဆိုပါ မုန်တိုင်းငယ်သည်ကျောက်ဖြူမြို့၏ အနောက်ဘက် ရေမိုင် ၄၂၀ မိုင်ခန့်၊ စစ်တွေမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၈၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူရီမြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၀ မိုင်ခန့်၊ ဂိုလ်ပါပူမြို့၏ အရှေ့ဘက် ရေမိုင် ၇၅ မိုင်ခန့်၊ ပါရာဒစ်ရှ်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင် ၇၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်ဟု မိုးဇလက ထုတ်ပြန်သည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်၏ ဗဟိုချက်လေဖိအားမှာ ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်နှုန်းခန့်ဖြစ်ကြောင်း၊ လာမည့် ၃၆ နာရီအတွင်း အဆိုပါ မုန်တိုင်းငယ်သည် အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရကြောင်း၊ ယင်းနောက် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားကာ ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ ရောက်ရှိကာ တဖြည်းဖြည်းအားလျော့သွားနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးဇလက ထုတ်ပြန်သည်။

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ဇူလိုင် ၁၉ ရက်မှ ဇူလိုင် ၂၁ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု မိုးဇလက ထုတ်ပြန်သည်။

မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။

Most Read

Most Recent