၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲတွင် အင်းစိန်နှင့် မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး ပါဝင်

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲတွင် အင်းစိန်နှင့် မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး ပါဝင်
Published 12 June 2024

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲတွင် အင်းစိန်ဗဟိုအကျဉ်းထောင်နှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၂၃ ဦး ပါဝင်ကြောင်း မြန်မာစာစစ်ဦးစီးဌာနမှ သိရသည်။

၂၀၂၃- ၂၀၂၄ ပညာသင်နှစ်အတွက်  တက္ကသိုလ်ဝင်တန်း အောင်စာရင်းများကို ဇွန် ၁၁ ရက် ထုတ်ပြန်ကြေညာခဲ့ရာ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအနက် အကျဉ်းဦးစီးဌာနအောက်ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ခုနစ်ဦးနှင့် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား ၁၆ ဦး စုစုပေါင်း ၂၃ ဦး အောင်မြင်ခဲ့ကြောင်း မြန်မာစာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

ထိုသို့ အောင်မြင်ခဲ့သည့် အကျဉ်းသားများထဲတွင် လေးဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင် လေးဦး၊ နှစ်ဘာသာဂုဏ်ထူးရှင့် နှစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် သုံးဦး ပါဝင်ကြောင်း မြန်မာစာစစ်ဦးစီးဌာနက ဆိုသည်။

လေးဘာသာ ဂုဏ်ထူးရှင်သည် ဝိဇ္ဇာဘာသာတွဲတွင် မြန်မာတစ်နိုင်ငံလုံး တတိယ အမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့ကြောင်း မြန်မာစာစစ်ဦးစီးဌာနကထုတ်ပြန်သည်။

ထို့ပြင် ၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများထဲတွင် လူမှုဝန်ထမ်းဦးစီးဌာနအောက်ရှိ လူငယ်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းနှင့် လူငယ်သင်တန်းကျောင်းများမှ လူငယ်သင်တန်းသား ရှစ်ဦးနှင့် ကြည်မြင်တိုင်မျက်မမြင်ကျောင်းမှ သင်တန်းသား နှစ်ဦးလည်း ပါဝင်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်သည်။

၂၀၂၃- ၂၀၂၄ တက္ကသိုလ်ဝင်စာမေးပွဲ၌ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဖြေဆိုသူပေါင်း ၁၂၈,၈၂၀ ဦးရှိရာတွင် ၇၄,၅၉၂ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၅၇ ဒသမ ၉၀ ရာခိုင်နှုန်း ရှိခဲ့သည်။

Most Read

Most Recent