ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက် ၂၄ ရက်အတွင်း မြန်မာလုပ်သားငါးသောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား ရှစ်သောင်းနီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင် တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက် ၂၄ ရက်အတွင်း မြန်မာလုပ်သားငါးသောင်းကျော် အပါအဝင် နိုင်ငံခြားသားအလုပ်သမား ရှစ်သောင်းနီးပါး ဖမ်းဆီးခံရ
Published 30 June 2024

 

 

ဖမ်းဆီးရမိသည့်ရွှေ့ပြောင်းလုပ်သားများကို တွေ့ရစဉ်

 

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမား ဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်၏ ၂၄ ရက်အတွင်း မြန်မာအပါအဝင် နိုင်ငံခြားသားအလုပ်သမား ရှစ်သောင်းနီးပါး ဖမ်းဆီး ရမိခဲ့ သည်ဟု  ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။

တရားမဝင်အလုပ်သမား ဖမ်းဆီးရေးအတွက်  ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် ဇွန်  ၅ ရက်မှ ၂၈ ရက်အထိ ၂၄ ရက်အတွင်း အလုပ်ရုံ၊ စက်ရုံလုပ်ငန်းဆိုက်အသီးသီးရှိ တရားမဝင်အလုပ်သမားများကို လိုက်လံစစ်ဆေးရာ တွင် အထောက်အထားမဲ့လုပ်သား  ၈၀၀၀၀ နီးပါး ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းအလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးဌာန၊ ရဲဌာနအပါဝင် ဌာနဆိုင်ရာ အဖွဲ့များ သည်  ဘန်ကောက်မြို့ ဟွေ့ခွာစျေး၊ ဖာစီကျလိန်တွင် စျေးဆိုင်များ၊ ဘန်ခယ်မြို့ နယ်ရှိ စက်ရုံများနှင့် ရတ်ချ်ဘူရီနယ်မြေတွင် အုန်းသီးစက်ရုံ၊ ဥဒွန်ထာနီရှိ စားသောက်ဆိုင် များနှင့် ချတ်ချင်စောင်တွင် ဆောက်လုပ်ရေး အပါအဝင် နေရာပေါင်း ၂၀၃ ခုတို့မှ တရားမ ဝင်ရွှေ့ပြောင်းလုပ်သားဦးရေ စုစုပေါင်း ၇၈၀၀၀ ဖမ်းဆီးရမိခဲကြောင်း ထုတ်ပြန်ထားသည်။

ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးရ မိသူများအနက် မြန်မာနိုင်ငံသား အလုပ်သ မား ၅၈၈၆၈ ဦး၊ ကမ္ဘောဒီးယားအလုပ်သမား ၁၁၉၁၃ဦး၊ လာအိုအလုပ်သမား ၅၅၇၁ဦး၊ ဗီယက်နမ်အလုပ်သမား၂၂  ဦးနှင့် အခြားနိုင် ငံသားအလုပ်သမား၂၄၂၄ ဦးဖြစ်သည်။

ဖမ်းဆီးခံရသည့် တရားမဝင် အလုပ်သမားများအနက်  မြန်မာအလုပ်သမား ၃၅၂ ဦး၊ လာအိုအလုပ်သမား ၇၅ ဦး ၊ ကမ္ဘောဒီးယား အလုပ်သမား ၅၃ ဦး၊ ဗီယက်နမ်အလုပ်သမား ငါးဦး၊ အခြားနိုင်ငံသား ၄၉ ဦးတို့ကို အရေးယူ ဆောင်ရွက်သွားသွားမည်ဟု သိရသည်။

 အလုပ်အကိုင်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေး ဌာန၊ ရဲဌာနအပါဝင်အဖွဲ့ပေါင်းစုံ ပူးပေါင်းကာ ရက်ပေါင်း ၁၂၀ စီမံချက်အဖြစ် နိုင်ငံအနှံ့ လိုက်လံစစ်ဆေးသွားမည်ဖြစ်ကာ တွေ့ရှိပါ က နေရပ်ပြန်လည်ပို့ဆောင်ခြင်းအပြင်  အ ရေးယူဆောင်ရွက်မှုများ လုပ်ဆောင်သွားမည် ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ် ပြန်ထားသည်။

နိုင်ငံသားအကျိုးစီးပွားကို ကာကွယ်သည့် အနေဖြင့် ထိုင်းနိုင်ငံသားများသာ လုပ်ကိုင်ခွင့် ရှိပြီး နိုင်ငံခြားသားအလုပ်သမားများ လုပ်ကိုင် ခွင့်မရှိသော အလုပ်အမျိုးအစား၌ လုပ်ကိုင် နေသူများနှင့် အလုပ်လုပ်ကိုင်ခွင့်  Work Permit မရှိသည့် အထောက်အထားမဲ့ အလုပ် သမားများကို တွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ အလုပ်သမားမှ ဒဏ်ငွေပေး ဆောင်ရမည်ဖြစ်ပြီး နေရပ်သို့ပြန်ပို့ခံရခြင်း နှင့်အတူ အလုပ်လုပ်ကိုင်ခွင့်နှစ်နှစ် ပိတ်ခံရ မည်ဖြစ်ကြောင်း သိရသည်။

အလုပ်လုပ်ကိုင်ခွင့်မရှိသည့် အလုပ်သ မားကို လက်ခံသည့်အလုပ်ရှင်ကို တွေ့ရှိပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၀၀၀၀ မှ ဘတ် ၁ဝဝဝဝဝထိ ဒဏ်ငွေပေးဆောင်ရမည် ဖြစ်ပြီး ထပ်မံကျူးလွန်မှု တွေ့ရှိပါက ထောင် ဒဏ်အများဆုံးတစ်နှစ်နှင့် ဘတ် ၅၀၀၀၀ မှ ၂၀၀၀၀၀ အထိ ပေးဆောင်ရမည်ဖြစ်သလို ရွှေ့ပြောင်းအလုပ်သမားငှားရမ်းခွင့် သုံးနှစ် ပိတ်ခံရမည်ဖြစ်ကြောင်းကို အလုပ်သမား ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သတိပေး ပြောကြားခဲ့ကြောင်း ထိုင်းနိုင်ငံဘက်မှလာ သော သတင်းများအရ သိရသည်။