“ဝ” အထူးဒေသ (၂) အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ်

“ဝ” အထူးဒေသ (၂) အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ်
Published 27 June 2024

“ဝ” အထူးဒေသ (၂) အတွင်း သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူထုအသိပညာပေးလုပ်ငန်းတစ်ရပ်ဖြစ်သည့် သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill board စိုက်ထူခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ခရိုင်အလိုက် မြို့ကြီးများတွင် ဆောင်ရွက်လျက်ရှိရာ “ဝ အထူးဒေသ(၂) မိုင်းပေါက်ခရိုင်အတွင်း သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး Bill board စိုက်ထူပွဲကို ဇွန် ၂၅ ရက်က မိုင်းပေါက်မြို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးအနီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းနောက် ရှမ်းပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းပြည်နယ် အရှေ့ပိုင်း) အဖွဲ့ဝင် ဦးလုကာ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာ၊ “ဝဓ အထူးဒေသ (၂) မိုင်းပေါက်ခရိုင် အတွင်းရေးမှူး ဦးလီအိုက်ရိုင်း၊ ဒုတိယအတွင်းရေးမှူး ဦးကျန်ကျာလော၊ ဒုတိယခရိုင်မှူး ဦးအားဖာတို့က Bill board ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။

ထို့နောက်  “ဝ” အထူးဒေသ (၂) အတွင်း သန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို မိုင်းပေါက်ခရိုင် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ထပ်မံကျင်းပရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ရှမ်းပြည်နယ် ဒုတိယပြည်နယ်ဦးစီးမှူး ဦးအောင်မြတ်သာက သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ပြည်သူ့အင်အားဦးစီးဌာန သင်တန်းနည်းပြ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သီသီနွယ်က သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းပြောကြားပြီး သန်းခေါင်စာရင်းဆိုင်ရာအထောက်အကူပြုပစ္စည်းများနှင့် အမှတ်တရပစ္စည်းများကို “ဝ” အထူးဒေသ(၂) ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကို ပေးအပ်ခဲ့သည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းနည်းပြသင်တန်းကို လာမည့်ဩဂုတ်လတွင် ဖွင့်လှစ်ရန်လျာထားသော်လည်း “ဝ” အထူးဒေသ(၂)၌ လိုအပ်ချက်အရ ယခုဖွင့်လှစ်ပေးခြင်းဖြစ်ပြီး အဆိုပါနည်းပြသင်တန်းသို့ “ဝ” တိုင်းရင်းသား ၁၇ ဦး၊ “ဝ” တိုင်းရင်းသူ ၁၃ ဦး စုစုပေါင်း သင်တန်းသား သင်တန်းသူ ၃၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၀ ရက်ကြာမြင့်မည်ဖြစ်ကြောင်းနှင့် နည်းပြသင်တန်းတက်ရောက်ပြီးသူများက မြို့နယ်အလိုက်ဆင့်ပွားသင်တန်းများ ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။