မြဝတီမြို့နယ် ဒေါနတောင်ခြေရှိ သစ်ကတေကျေးရွာတွင် Hsa Taw Naw Karen High School “ဆာတောနော်” ကရင်အမျိုးသား အထက်တန်းကျောင်းဖွင့်လှစ်

မြဝတီမြို့နယ် ဒေါနတောင်ခြေရှိ သစ်ကတေကျေးရွာတွင် Hsa Taw Naw Karen High School “ဆာတောနော်” ကရင်အမျိုးသား အထက်တန်းကျောင်းဖွင့်လှစ်
Published 13 June 2024

ကရင်ပြည်နယ် မြဝတီမြို့နယ် အနောက်မြောက်ထောင့် ဒေါနတောင်ခြေရှိ သစ်ကတေကျေးရွာတွင် မြန်မာသင်ရိုးညွှန်တန်း မူကြိုမှ ၁၂ တန်းထိ ပညာသင်ကြားနိုင်မည့် ဆာတောနော် ကရင်အမျိုးသား အထက်တန်းကျောင်းဆောင်သစ်အား ဇွန် ၁၀ ရက်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ဆာတောနော်” နှစ်ထပ်ကျောင်းဆောင်သစ်အား သစ်ကတေကျေးရွာဇာတိဖြစ်သူ စောတင်ဝင်း+နန်းမြင်မြင့်ဝင်း မိသားစုတို့က ကျပ်သိန်း လေးထောင် အကုန်ကျခံတည်ဆောက် လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ကျောင်းသူ ကျောင်းသား ၄၀၀ ခန့် ပညာသင်ကြားနိုင်သည့် ကျောင်းတော်ကြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆာတောနော် ကျောင်းသစ်ကြီးတွင် မူကြိုတန်းမှ ၁၂တန်းထိ တက်ရောက်ပညာသင်ကြားမည့် ကျောင်းသူကျောင်းသားများအား ဘော်တာဆောင်၊ စားစရာ၊ စာရေးကရိယာ အခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါနတောင်ခြေ အရှေ့ခြမ်းလမ်းပန်းဆက်သွယ်ရေး ခက်ခဲသောဒေသတွင် နေထိုင်သည့် ကလေးငယ်များ ပညာရေးအတွက် ရည်ရွယ်ပြီး ပညာဒါနအဖြစ် ဖွင့်လှစ်ပေးရခြင်းဖြစ်သည်ဟု ကျောင်းတည်ထောင်သူ အလှူရှင် စောတင်ဝင်းက ပြောကြားသည်။

“အဓိကကတော့ ကလေးတွေရဲ့ ပညာရေးပေါ့၊ ဒါမဲ့ပလေ့ဒေသပေါ့၊ ဒေါနတောင်အရှေ့ခြမ်း ယခင်က ကလေးတွေဟာ လေးတန်းထိဘဲ ကျောင်းနေရတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်၊ ဒါကို လိုအပ်ချက် အရပေါ့၊ ကျောင်းလခတို့ ပညာရေးစရိတ်တို့ သူတို့မတတ်နိုင်ဘူးလေ၊ ဒါကြောင့် သူတို့ မြို့တက်ပြီး ကျောင်းဆက်မတက်နိုင်ဘူး။ ဒါကိုတတ်နိုင်တဲ့ဘက်က ကူညီပေးတဲ့သဘောပါပဲ” ဟု ကျောင်းအလှူရှင် စောတင်ဝင်းက ပြောသည်။

 ကရင်ပြည်နယ် မြဝတီခရိုင် မဲကနယ်ကျေးရွာအုပ်စု ဒေါနတောင်တန်းအရှေ့ခြမ်း သစ်ကတေကျေးရွာအနီးဝန်းကျင်တွင် ကျေးရွာအုပ်စု ခုနစ်စု၊ ကျေးရွာပေါင်း ၃၀ ခန့်ရှိပြီး အဆိုပါကျေးရွာများမှ ကလေးငယ်များမှာ ယခင်ကမူလတန်းထိသာ ပညာသင်ကြားခွင့်ရရှိကြရာမှ ယခုအခါ  အထက်တန်း အောင်မြင်သည်ထိ ပညာသင်ကြားခွင့်ရကြမည်ဖြစ်သည်။

ကျောင်းသားမိဘတဦးက “ဒီနယ်က ကလေးတွေက လေးတန်းအောင်ရင် ဆက်တက်စရာကျာင်းမရှိတော့ဘူး။ အခုလိုကျောင်းမျိုးရှိတော့ ဝမ်းသာမှသာဘဲ ကျွန်မသမီးကို ၁၂ တန်းထိထားမယ်။ ပြီးရင်တက္ကသိုလ်ဆက်ပို့နိုင်အောင်ကြိုးစားမယ်” ဟု ပြောဆိုခဲ့သည်။

Most Read

Most Recent