ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်စနစ်၏ စွမ်းဆောင်ရည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား

ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်စနစ်၏ စွမ်းဆောင်ရည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ဟု မြောက်ကိုရီးယား ပြောကြား
ဇွန် ၂၆ ရက်က မြောက်ကိုရီးယား၏ ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်စနစ် စမ်းသပ်မှုကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: KCNA)
ဇွန် ၂၆ ရက်က မြောက်ကိုရီးယား၏ ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်စနစ် စမ်းသပ်မှုကို နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်သည့် ဓာတ်ပုံ၌ တွေ့ရစဉ်(Photo: KCNA)
Published 27 June 2024

မြောက်ကိုရီးယားက ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်စနစ်ကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဇွန် ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားက လွှတ်တင်ခဲ့သည့် အမှိုက်များအပြည့်ထည့်ထားသော မိုးပျံပူဖောင်းအများအပြားသည် တောင်ကိုရီးယားဘက်ခြမ်းသို့ ထပ်မံကျရောက်ခဲ့သည်။

မြောက်ကိုရီးယားက လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး တောင်ကိုရီးယားဘက်သို့ အမှိုက်များထည့်ထားသည့် မိုးပျံပူဖောင်းများ မကြာခဏလွှတ်တင်ခဲ့ခြင်းကြောင့် မကြာသေးမီနှစ်များအတွင်း ကိုရီးယားနှစ်နိုင်ငံဆက်ဆံရေးသည် အနိမ့်ဆုံးအဆင့်သို့ ကျဆင်းခဲ့သည်။

တောင်ကိုရီးယား တက်ကြွလှုပ်ရှားသူများက မြောက်ကိုရီးယားဘက်သို့ ၀ါဒဖြန့် လက်ကမ်းစာစောင်များပါဝင်သော မိုးပျံပူဖောင်းများ လွှတ်တင်မှုကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားက အခိုင်အမာဆိုထားသည်။

မြောက်ကိုရီးယားက မိုးပျံပူဖောင်းများလွှတ်တင်ခဲ့ခြင်းကြောင့် ဆိုးလ်မြို့ရှိ အဓိကလေဆိပ်ဖြစ်သည့် အင်ချွန်းလေဆိပ်ကို ဇွန် ၂၆ ရက်က ခေတ္တပိတ်ထားခဲ့ရပြီး ယင်းသို့မိုးပျံပူဖောင်းများ ဆက်တိုက်လွှတ်တင်မှုကို တုံ့ပြန်သည့်အနေဖြင့် တောင်ကိုရီးယားက တင်းမာမှုများကို လျှော့ချရန်ရည်ရွယ်သည့် စစ်ရေးသဘောတူညီချက်ကို အလုံးစုံရပ်ဆိုင်းခဲ့ပြီး နယ်စပ်အနီးတွင် အသံချဲ့စက်ဖြင့်ဝါဒဖြန့်ထုတ်လွှင့်မှုများ ပြန်လည်လုပ်ဆောင်ကာ ကျည်အစစ်သုံးသည့် စစ်ရေးလေ့ကျင့်မှုများကိုလည်း ပြန်လည်စတင်ခဲ့သည်။

မြောက်ကိုရီးယားအနေဖြင့် ပစ်မှတ်အသီးသီးအတွက် ပဲ့ထိန်းစနစ်ပါသော ထိပ်ဖူးအများအပြားပါရှိသည့် ဒုံးလက်နက်စနစ်တွင် ထိပ်ဖူးတစ်ခုချင်းစီ၏ ခွဲထွက်မှုနှင့် ပဲ့ထိန်းစနစ်တို့ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၇ ရက်တွင် ဖော်ပြခဲ့သည်။

ယင်းစမ်းသပ်မှုအတွင်း ပင်မဒုံးလက်နက်စနစ်မှ ခွဲထွက်သွားသော ဒုံးကျည်ထိပ်ဖူးများသည် ပစ်မှတ်မြေပုံညွှန်း သုံးခုဆီသို့ တန်းတန်းမတ်မတ် ရောက်ရှိခဲ့သည်ဟုလည်း KCNA က ဆိုသည်။

“အဲဒီစမ်းသပ်မှုဟာ MIRV ဒုံးလက်နက်စနစ်ရဲ့ စွမ်းဆောင်ရည်ကို အခိုင်အမာတည်ဆောက်နိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်တယ်” ဟုလည်း KCNA က ဖော်ပြခဲ့သည်။ MIRV ဒုံးလက်နက်စနစ်သည် ပဲ့ထိန်းဒုံးကျည်တစ် စင်းတွင် ထိပ်ဖူးအများအပြား တပ်ဆင်၍ပစ်လွှတ်နိုင်သော စနစ်ဖြစ်သည်။

ဇွန် ၂၆ ရက်က မြောက်ကိုရီးယားသည် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ခဲ့ပုံရကြောင်းနှင့် ယင်းစမ်းသပ်မှုသည် လေထဲတွင် ပေါက်ကွဲသွားခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က အစောပိုင်းတွင် ပြောဆိုထားသည်။

ယင်းစမ်းသပ်မှုကို အစိုင်အခဲလောင်စာသုံးတာလတ်ပစ် ပဲ့ထိန်းဒုံးကျည်၏ ဒုံးအင်ဂျင် ပထမအဆင့်ဖြင့် အချင်းဝက် ၁၇၀ ကီလို မီတာမှ ၂၀၀ ကီလိုမီတာအတွင်း စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်း KCNA က ဆိုသည်။

ထိပ်ဖူးအများအပြား တပ်ဆင်နိုင်သော ဒုံးလက်နက်နည်းပညာပိုင်ဆိုင်ရေးသည် နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သော တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်များ တည်ဆောက်ရန်  ကြိုးပမ်းနေသည့် နိုင်ငံများအတွက် ဦးစားပေးရည်မှန်းချက်ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။    

Ref: AFP

           

Most Read

Most Recent