သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပေကျင်းတွင် တွေ့ဆုံဆွေးနွေး

သမ္မတ(ငြိမ်း) ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ ပေကျင်းတွင် တွေ့ဆုံဆွေးနွေး
Published 30 June 2024

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့်  သမ္မတ(ငြိမ်း) ဦးသိန်းစိန်  ဇွန်၂၉ ရက်တွင် ပေကျင်းမြို့၌ တွေ့ဆုံခဲ့ ကြောင်း သိရသည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့်အခမ်းအနားသို့ တက်ရောက်သည့် ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

 တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက အဆွေတော်သည် တရုတ်ပြည်သူများ၏ မိတ်ဆွေဟောင်းဖြစ်ကြောင်း၊ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) က တရုတ်နိုင်ငံခေါင်းဆောင်မှ အဆိုပြုသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် မြန်မာနိုင်ငံ၏ ထောက်ခံမှုကို ရှေးဦးစွာရရှိခဲ့ကြောင်း၊ ထို့နောက် အာရှတိုက်၌ မိတ်ဆက်ခဲ့ပြီး အာရှနိုင်ငံများအကြား ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် မြှင့်တင်ပေးခဲ့ကြောင်း၊ ထိုမှတစ်ဆင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံသတ်မှတ်ချက်နှင့် နိုင်ငံတကာဥပဒေ အခြေခံမူအဖြစ် တိုးတက်လာပြီး ဒုတိယကမ္ဘာစစ်အလွန်ကာလ နိုင်ငံတကာအစီအစဉ် တည်ဆောက်မှုအတွက် အရေးပါအကျိုးထမ်းဆောင်မှုပေးကာ အရေးကြီး public goods များ ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း၊ နှစ်ပေါင်း (၇၀) အကြာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်သည် ခေတ်နောက်ကျမကျန်ခဲ့သည့်အပြင် ထက်သန်သည့် သက်ဝင်လှုပ်ရှားမှုစွမ်းအားများဖြင့် ပေါ်လွင်နေကြောင်း၊ ယမန်နေ့ညနေတွင် သမ္မတရှီကျင့်ဖျင်က အဆိုပါအထိမ်းအမှတ်အခမ်းအနားအား တက်ရောက်ရာတွင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်၏ စိတ်ဓာတ်အနှစ်သာရနှင့် ခေတ်အဆက်ဆက်တန်ဖိုးကို နက်ရှိုင်းစွာ ရှင်းလင်းပြောကြားခဲ့ကြောင်း၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်ခြင်းသည် မူကြီး (၅) ရပ်အတွက် ခေတ်၏အနှစ်သာရအသစ်များ ထပ်မံထည့်သွင်းပေးခဲ့သောကြောင့် မူကြီး (၅) ရပ်ကို အကောင်းမွန်ဆုံး ပြန့်ပွားအောင် လုပ်ဆောင်မှုနှင့် အဆင့်မြှင့်တင်မှုဖြစ်ပြီး ယခုလက်ရှိ ကမ္ဘာကြီးက ရင်ဆိုင်နေရသည့် စိန်ခေါ်မှုအမျိုးမျိုးကို ဖြေရှင်းရန်အတွက် အရေးကြီး public goods ကို ထပ်မံထောက်ပံ့ပေးလိုက်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ် ဖော်ဆောင်ရေးနှင့် တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုမြှင့်တင်ရန်အတွက် ကြိုးပမ်းမှုအသစ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု တရုတ်သံရုံးက ထုတ်ပြန်သည်။

လွန်ခဲ့သည့် ဆယ်နှစ်တုန်းက မိမိသည် သမ္မတအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ် ချမှတ်သည့် နှစ် (၆၀) ပြည့်အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း၊ ယခုအကြိမ်သည် တရုတ်နိုင်ငံ၏မိတ်ဆွေဟောင်းအနေဖြင့် ဒုတိယအကြိမ် တက်ရောက်ရခြင်းဖြစ်ပြီး အလွန်ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ တရုတ်-မြန်မာနှစ်နိုင်ငံသည် ကာလကြာရှည်စွာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခဲ့သည့် ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး နှစ်နိုင်ငံအကြား နက်ရှိုင်းသည့် ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး သံယောဇဉ်ကို ယခင်မျိုးဆက်ခေါင်းဆောင်များက ကိုယ်တိုင်ဖန်တီးတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမ္မတရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံခရီးစဉ်တွင် နှစ်နိုင်ငံက မြန်မာ-တရုတ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရန် အရေးပါသဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်ဆက်ဆံရေးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတရှီကျင့်ဖျင်က အဆိုပြုသည့် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး အယူအဆကို အလွန်ချီးကျူးကာ ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီး (၅) ရပ်ကို ဆက်လက် လက်ဆင့်ကမ်း၍ ပြန့်ပွားအောင်လုပ်ဆောင်ပြီး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေကာ မြန်မာ-တရုတ် အေးအတူပူအမျှ အသိုက်အဝန်းကို အတူတကွကောင်းမွန်စွာ တည်ဆောက်သွားလိုကြောင်း သမ္မတ(ငြိမ်း) ဦးသိန်းစိန်က ပြောကြားခဲ့ကြောင်း သိရသည်။

သမ္မတငြိမ်း ဦးသိန်းစိန်သည် တရုတ်နိုင်ငံ ပေကျင်းမြို့ Great Hall of the People တွင် ဇွန် ၂၈ ရက်က ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ချမှတ်ခဲ့သည့်  နှစ်(၇၀)ပြည့်အခမ်းအနားသို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တက်ရောက်ခဲ့ပြီး ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe  ခန်းမ၌  နေ့လယ်စာစားပွဲတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ သည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ဇွန် ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော်၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်းရှင်းဥက္ကဌ ဒေါ်သန်းသန်းနုတို့လည်းပါဝင်ခဲ့သည်။

Photo -တရုတ်သံရုံး

 

Most Read

Most Recent