တရုတ်နိုင်ငံတွင်ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့် အခမ်းအနားသို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြား

တရုတ်နိုင်ငံတွင်ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့် အခမ်းအနားသို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန် တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြား
Published 29 June 2024

တရုတ်နိုင်ငံ ပေကျင်းမြို့ Great Hall of the People တွင် ဇွန် ၂၈ ရက်က ကျင်းပသည့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ချမှတ်ခဲ့သည့်  နှစ်(၇၀)ပြည့်အခမ်းအနားသို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန်တက်ရောက်ခဲ့ပြီး နေ့လယ်စာ စားပွဲတွင် မိန့်ခွန်းတစ်ရပ် ပြောကြားခဲ့ကြောင်းသိရသည်။ 

အဆိုပါ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ချမှတ်ခဲ့သည့် နှစ်(၇၀)ပြည့် ဖွင့်ပွဲအခမ်းအနားသို့ တရုတ်နိုင်ငံ သမ္မတ မစ္စတာရှီကျင်ပင်း တက်ရောက်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် လွန်ခဲ့သည့်နှစ်ပေါင်း ၇၀ အတွင်  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်၏ အရေးကြီးသည့်အနှစ်သာရနှင့် ကမ္ဘာလုံးဆိုင်ရာ အရေးကြီးသည့်ပြောင်းလဲမှုများကြောင့် လူသားများအတွက် အေးတူပူအမျှ အသိုက်အဝန်းတည်ထောင်ရန်လမ်းကြောင်း၏ ညွှန်ပြမှုတို့ကို ထည့်သွင်းပြောကြားသည်။

ယင်းဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း Nong Duc Manh ဘရာဇီးနိုင်ငံ သမ္မတဟောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဘဏ်သစ် ဥက္ကဋ္ဌ Dilma Rousseff ၊ တောင်အာဖရိကနိုင်ငံ သမ္မတဟောင်း Kgalema Motlanthe ၊ အီသီယိုးပီးယားနိုင်ငံ သမ္မတဟောင်း Mulatu Teshome ၊ သီရိလင်္ကာနိုင်ငံ သမ္မတဟောင်း Gotabaya Rajapaksa ၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Yukio Hatoyama ၊ အီတလီနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Massimo D'Alema ၊ ပြင်သစ်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း Dominique de Villepin ၊ တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Lee Hae-chan စသည့်ပုဂ္ဂိုလ်များလည် တက်ရောက်ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ (CPC)၊ တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) စသည့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံရှိ နိုင်ငံပေါင်း ၁၀ဝ ကျော်မှ သံတမန်များ၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ ချစ်ကြည်ရေးလူပုဂ္ဂိုလ်များ၊ မီဒီယာများ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းကဏ္ဍမှ ကိုယ်စားလှယ်များ စုစုပေါင်း လူ ၆၀ဝ ကျော်ခန့် တက်ရောက်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြထားသည်။ 

ထို့နောက် သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် ဒေသစံတော်ချိန် ၁၁ နာရီခွဲတွင် ကျောက်ယုထိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ Liuhe  ခန်းမ၌ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးရာ ဗဟိုကော်မရှင်ရုံးညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တည့်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

သမ္မတ(ငြိမ်း)ဦးသိန်းစိန်က နေ့လည်စာစားပွဲတွင် နိုင်ငံများအကြားဆက်ဆံရာတွင် သာတူညီမျှနှင့်လေးစားမှုအတွက် စံချိန်စံညွှန်းများကျင့်သုံးနိုင်အောင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ် ကို စတင်အကောင်အထည်ဖောင်ခဲ့မှု၊ အဆိုပါမူကြီးငါးရပ်ကို လိုက်နာကျင့်သုံးသည့်နိုင်ငံများအကြား ပြဿနာရပ်များကို ငြိမ်းချမ်းသောနည်းဖြင့် ဖြေရှင်းနိုင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ ပြောင်းလဲမှုများဖြစ်ပေါ်လျက်ရှိသည့်အခြေအနေတွင် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဆိုပါမူကြီးများ၏ အရေးကြီးမှုတို့ကို မိန့်ခွန်းပြောကြားခဲ့ကြောင်း နစကက သတင်းထုတ်ပြန်သည်။  

ယင်းနောက် သမ္မတ(ငြိမ်း)ဦးသိန်းစိန်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်  St.Regis ဟိုတယ်တွင် တရုတ်ပြည်သူ့နိုင်ငံခြားရေးရာအဖွဲ့အစည်း(CPIFA) ဥက္ကဋ္ဌ မစ္စတာဝမ်ချောင်က တည့်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။ 

သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် ဇွန် ၂၇ ရက်တွင် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာ လာရေးအဖွဲ့(MISIS) ဥက္ကဋ္ဌ ဦးသန့်ကျော၊် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌဌ ဦးတင်ဦး၊ ဦးနု-ဒေါ်မြရီဖောင်းရှင်းဥက္ကဌ ဒေါ်သန်းသန်းနုတို့လည်းပါဝင်ကာ ၎င်းတို့တရုတ်နိုင်ငံသွားရောက်ရာတွင် တပ်မတော်(လေ)၏ လေယာဉ်ဖြင့် သွားရောက်ခဲ့သည်ကို သတင်းထုတ်ပြန်မှုအရ တွေ့ရသည်။ 

ထိုသို့ သမ္မတ(ငြိမ်း)ဦးသိန်းစိန်ကို တရုတ်နိုင်ငံသို့ ဖိတ်ကြားရန် တရုတ်သံရုံးက နစက၏ သဘောတူညီမှုကိုတောင်းခံခဲ့ကြောင်း၊ ယခုခရီးစဉ်အတွင်း နိုင်ငံခြားရေးဝန်ကြီးဌာန ကိုယ်စားပြုအဖြစ် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့က လိုက်ပါသွားခြင်းဖြစ်ပြီး ၎င်းအဖွဲ့က အဓိက လုပ်စရာရှိသည်များကို လုပ်ဆောင်မည်ဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်သူ ဗိုလ်ချုပ်ဇော်မင်းထွန်က BBC သတင်းဌာနကို ဖြေကြားထားသည်ကို တွေ့ရ သည်။ 

သမ္မတ(ငြိမ်း)ဦးသိန်းစိန်သည် နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်ခဲ့ပြီးစီးခဲ့သည့် ၂၀၁၆ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်အဆင့် နိုင်ငံခြားခရီးစဉ်အဖြစ် ယခုခရီးစဉ်အား ပထမဆုံးပြန်လည်သွားရောက်ခြင်းဖြစ်သည်။

 

Most Read

Most Recent