နစက ဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံပြီး အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ ဆွေးနွေး

နစက ဥက္ကဋ္ဌနှင့် အာဆီယံအထူးကိုယ်စားလှယ်၊ အာဆီယံ အတွင်းရေးမှူးချုပ်တို့ နေပြည်တော်တွင် တွေ့ဆုံပြီး အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ ဆွေးနွေး
Published 15 May 2024

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM MOURN တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။

မေ ၁၅ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ခန်းမ၌ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် H.E. Mr. Alounkeo KITTIKHOUN နှင့် အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM MOURN တို့အား လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် အာဆီယံအဖွဲ့အတွင်း မြန်မာနိုင်ငံ အနေဖြင့် အကောင်းဆုံး ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ အာဆီယံအစည်းအဝေးများတွင် မြန်မာနိုင်ငံမှ ပါဝင်နိုင်မှုအခြေအနေများ၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်လျက်ရှိမှုနှင့် အကူအညီ လိုအပ်လျက်ရှိသည့် ပြည်သူများ လက်ဝယ်ရောက်ရှိရေး အကောင်းဆုံး ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိမှု အခြေအနေများ၊ ပြည်သူများ၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်မာစွာဖြင့် ဆက်လက်လျှောက်လှမ်းနိုင်ရေး ကြိုပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အခြေအနေမှန်များကို သိရှိအောင်ဆောင်ရွက်ရန် လိုအပ်သည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံအနေဖြင့် ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ အာဆီယံနှင့် မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်သင့်သည့်အချက်များ ဆွေးနွေးရန်တို့နှင့်ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲသို့ နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းဆွေ၊ ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာစိုးဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး လာအိုနိုင်ငံဝန်ကြီးချုပ်ရုံး ဝန်ကြီး(ငြိမ်း)နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် Dr. KAO KIM HOURN၊ AHA Center အမှုဆောင်ဒါရိုက်တာ Mr. LEE YAM MING၊ မြန်မာနိုင်ငံဆိုင်ရာ လာအိုနိုင်ငံသံအမတ်ကြီး H.E. Mr. Heuangseng KHAMDALAVONG နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent