မြန်မာ-ထိုင်း-လာအို နယ်စပ် ရွှေတြိဂံဒေသသို့ တရုတ်သံအမတ်ကြီးသွားရောက်ပြီး လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုကိုု လေ့လာကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြစ်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်လုပ်ဆောင်ရေး မြန်မာဌာနဆိုင်ရာအရာရှိများနှင့် ဆွေးနွေး 

မြန်မာ-ထိုင်း-လာအို နယ်စပ် ရွှေတြိဂံဒေသသို့ တရုတ်သံအမတ်ကြီးသွားရောက်ပြီး လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုကိုု လေ့လာကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြစ်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်လုပ်ဆောင်ရေး မြန်မာဌာနဆိုင်ရာအရာရှိများနှင့် ဆွေးနွေး 
Published 28 May 2024

မြန်မာ-ထိုင်း-လာအို နယ်စပ် ရွှေတြိဂံဒေသသို့  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သွားရောက်ပြီး လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုကိုု လေ့လာကာ အွန်လိုင်းလိမ်လည်မှုနှင့် လောင်းကစားပြစ်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်လုပ်ဆောင်ရေး မြန်မာဌာနဆိုင်ရာအရာရှိများနှင့် ဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မေ ၂၇ ရက်က သတင်းထုတ်ပြန်သည်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် မေ ၂၅ ရက်က မြန်မာ၊ ထိုင်း၊ လာအို နယ်စပ်ရှိ တာချီလိတ်မြို့သို့ သွားရောက်လေ့လာခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

တရုတ်သံအမတ်ကြီး Mr. Chen Hai ဦးဆောင်သောအဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာန စသည့် ဌာနဆိုင်ရာအရာရှိများနှင့်အတူ လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ ပံ့ပိုးကူညီမှုဖြင့် ဆောက်လုပ်ထားသည့် ပြည်ထဲရေးဝန်ကြီးဌာန ရှမ်းပြည်နယ် ရေကြောင်းရဲတပ်ဖွဲ့(ခွဲ) ဝမ်ပုံစခန်း အဆောက်အအုံအား သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပြီး တရုတ်နိုင်ငံမှလှူဒါန်းထားသည့် ရေပေါ်ကင်းလှည့်ရေယာဉ်ဖြင့် ထိုင်း-မြန်မာ-လာအို နယ်စပ်ထိစပ်ရာဒေသ ရွှေတြိဂံရေပြင်သို့ သွားရောက်ကာ လေးနိုင်ငံပူးပေါင်းကင်းလှည့်မှုအခြေအနေကို ကွင်းဆင်းလေ့လာခဲ့ကြခဲ့သည့်အပြင် တရုတ်နိုင်ငံဘက်မှအခြေစိုက်သော ရဲတပ်ဖွဲ့ဝင်များကိုလည်း တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။  

သံအမတ်ကြီး Mr. Chen Hai နှင့် မြန်မာဌာနဆိုင်ရာအရာရှိတို့ တွေ့ဆုံပြီး ကင်းလှည့်ရေးယန္တရားကို ကောင်းမွန်စွာ အသုံးပြု၍ နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှုများတိုက်ဖျက်မှု မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ခဲ့ကြောင်း၊ ထို့ပြင် အွန်လိုင်းဆက်သွယ်ရေးလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစား ပြစ်မှုကျူးလွန်မှုများ ပူးတွဲတိုက်ဖျက်မှု စဉ်ဆက်မပြတ်လုပ်ဆောင်ရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ဘေးကင်းလုံခြုံမှုကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။