အစ္စရေးက ဂါဇာတွင် ပေါင်ချိန်များသော ဗုံးများအသုံးပြုခြင်းသည် စစ်ပွဲစည်းမျဉ်း စည်းကမ်းများအရ စိုးရိမ်စရာဟု ကုလသမဂ္ဂပြောကြား

အစ္စရေးက ဂါဇာတွင် ပေါင်ချိန်များသော ဗုံးများအသုံးပြုခြင်းသည် စစ်ပွဲစည်းမျဉ်း စည်းကမ်းများအရ စိုးရိမ်စရာဟု ကုလသမဂ္ဂပြောကြား
အစ္စရေးတောင်ပိုင်းနယ်စပ်၌ နေရာယူထားသော အစ္စရေးတင့်ကားကို ဇွန် ၁၈ ရက်တွင်တွေ့ရစဉ်(Photo:AFP)
အစ္စရေးတောင်ပိုင်းနယ်စပ်၌ နေရာယူထားသော အစ္စရေးတင့်ကားကို ဇွန် ၁၈ ရက်တွင်တွေ့ရစဉ်(Photo:AFP)
Published 21 June 2024

လူဦးရေ ထူထပ်သော ဂါဇာကမ်းမြောင်၌ ပေါင်ချိန်များသော ဗုံးများကို အစ္စရေး အကြိမ်ကြိမ် အသုံးပြုခြင်းသည် စစ်ပွဲ၏စည်းမျဉ်းစည်းကမ်းများကို ကြိမ်ဖန်များစွာ ချိုးဖောက်နေခြင်းအား ညွှန်ပြလျက်ရှိသည်ဟု  ဇွန် ၁၉ ရက်တွင် ကုလသမဂ္ဂက ပြောကြားခဲ့ပြီး ပေါင်ချိန်များသော ဗုံးများကိုအသုံးပြုသော တိုက်ခိုက်မှုခြောက်ခုတွင် အနည်းဆုံး လူ ၂၁၈ ဦးသေဆုံးခဲ့သည်ဟု ဆိုသည်။

လောလောလတ်လတ်ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် ကုလသမဂ္ဂလူ့အခွင့်အရေးရုံးက တိုက်ခိုက်မှုခြောက်ခုနှင့်စပ်လျဉ်းသော အသေးစိတ်များကို ဖော်ပြခဲ့ပြီး အဆိုပါတိုက်ခိုက်မှုများသည် စိုးရိမ်စရာကောင်းသည့် ပုံစံဖြစ်နေသည်ဟု ဖော်ပြခဲ့သည်။ ၎င်းအစီရင်ခံစာသည် အလွန်အမင်းဘက်လိုက် ဖော်ပြမှုများရှိနေသည်ဟု အစ္စရေးက ချက်ချင်းဝေဖန်ထားသည်။

ယင်းတိုက်ခိုက်မှုများထဲတွင် လူနေအဆောက်အအုံများ၊ စာသင်ကျောင်းတစ်ကျောင်း၊ ဒုက္ခသည်စခန်းများ၊ စျေးတစ်ခုတို့ကို ပေါင် ၂,၀၀၀ အထိရှိသော ဗုံးများ အသုံးပြုသည်ဟု ယူဆရသော တိုက်ခိုက်မှုများပါ ဝင်နေသည်ဟု ဆိုသည်။

အောက်တိုဘာ ၇ ရက်တွင် စတင်ခဲ့သော စစ်ပွဲ၏အစောပိုင်းလများတွင် လုပ်ဆောင်ခဲ့သော အဆိုပါတိုက်ခိုက်မှု များတွင် လူ ၂၁၈ ဦးသေဆုံးခဲ့သည်ဟု အတည်ပြုစစ်ဆေးခဲ့သည်ဟု OHCHR ဟုခေါ်သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဖော်ပြခဲ့သည်။  သေဆုံးသူ အရေအတွက်သည် ပိုများနိုင်သည်ဟူသော သတင်းအချက် အလက်များကို ရရှိထားသည်ဟု ဆိုသည်။

“အရပ်သားထိခိုက်မှုတွေကို ရှောင်ရမယ် ဒါမှမဟုတ် အရပ်သားထိခိုက်မှု အနည်းဆုံး ဖြစ်စေရမယ်ဆိုတဲ့ စစ်ပွဲရဲ့နည်းစနစ်တွေနဲ့ နည်းလမ်းတွေကို ရွေးချယ်ဖို့ လိုအပ်ချက်ကို အစ္စရေး ဗုံးကြဲတဲ့ စစ်ဆင်ရေးတွေမှာ အ ဆက်မပြတ် ချိုးဖောက်နေပုံရပါတယ်”ဟု ကုလသမဂ္ဂလူ့အခွင့်အရေး အကြီးအကဲ ဗောလ်ကာတက်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အောက်တိုဘာ ၉ ရက်မှ ဒီဇင်ဘာ ၂ ရက်အတွင်း လုပ်ဆောင်ခဲ့သော အဆိုပါတိုက်ခိုက်မှု ခြောက်ခုကို ဥပမာပြု၍ အစ္စရေး၏ဆက်တိုက်, တိုက်ခိုက်မှုများသည် စစ်ပွဲ၏အခြေခံစည်းမျဉ်း ဥပဒေများကို အကြိမ်ကြိမ် ချိုးဖောက်နေသည်ကို ညွှန်ပြနေသည်ဟု အစီရင်ခံစာ၌ နိဂုံးချုပ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဇွန် ၁၉ ရက် အစီရင်ခံစာ၌ ဖော်ပြထားသော တိုက်ခိုက်မှုများထဲတွင် လွန်ခဲ့သောနှစ် ဒီဇင်ဘာ ၂ ရက်က ဂါဇာစီးတီးရှိ အက်ရှ် ရှူဂျိုင်ယက်ရက်ကွက်၌ တိုက်ခိုက်မှုများပါဝင်ခဲ့သည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်သောအပျက်အစီးသည် ခန့်မှန်းခြေ ထောင့်ဖြတ်အကျယ်ပေ ၄၂၀ (မီတာ ၁၃၀) ရှိပြီး အဆောက်အအုံ ၁၅ ခု ပျက်စီးသွားခဲ့ပြီး အခြားအဆောက်အအုံ အနည်းဆုံး ၁၄ ခု ထိခိုက် ခဲ့သည်ဟု ဆိုသည်။

ဂြိုဟ်တု ဓာတ်ပုံများတွင် မြင်တွေ့နိုင်သော ပျက်စီးမှုအတိုင်းအတာနှင့် ချိုင့်ကြီးများကြောင့် ပေါင်ချိန် ၂,၀၀၀ ဂျီဘီယူ-၃၁ဗုံး ကိုးလုံးခန့် အသုံးပြုခဲ့သည်ကို ညွှန်ပြနေသည်ဟု ဆိုသည်။ အနည်းဆုံး လူ ၆၀ သေဆုံးသွား သည်ဆိုသော သတင်းများကို လက်ခံရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထားသည်။

ပေါင် ၁,၀၀၀ ရှိ ဂျီဘီယူ-၃၂ ဗုံးများနှင့် ပေါင် ၂၅၀ ရှိ ဂျီဘီယူ-၃၉ ဗုံးများအပါအဝင် ဂျီဘီယူ-၃၁ ဗုံးများကိုကွန်ကရစ်လွှာအများ အပြားအား ထိုးဖောက်ရန် အများအားဖြင့် အသုံးပြုပြီး အဆိုပါဗုံးများသည် မြင့်မားသော အဆောက်အအုံများကို လုံးလုံးပြိုကျ သွားစေနိုင်သည်ဟု ကုလသမဂ္ဂလူ့အခွင့်အရေးရုံး၏ ပြောရေးဆိုခွင့်ရှိသူ ဂျရမီလောရင့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ “လူဦးရေထူထပ်တဲ့ဧရိယာ တွေလည်း ဖြစ်နေတဲ့အပြင် အဲဒီလိုကျယ်ပြန့်တဲ့ ဧရိယာကို သက်ရောက်မှုတွေရှိတဲ့ ဗုံးတွေ အသုံးပြုတာဟာ ကျွန်တော်တို့တားမြစ်ထားတဲ့ တိုက်ခိုက်မှုတွေကို လုပ်တဲ့သဘောဖြစ်ဖို့များနေပါတယ်” ဟု ၎င်းက ပြောသည်။    Ref:AFP

Most Read

Most Recent