တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ Freedom Edge ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့၏ Freedom Edge ပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်
အမေရိကန်လေယာဉ်တင်သင်္ဘောသီယိုဒိုး ရုစဗဲ့ပေါ်သို့  အလည်အပတ်သွားရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကိုတွေ့ရစဉ်(Photo: Reuters)
အမေရိကန်လေယာဉ်တင်သင်္ဘောသီယိုဒိုး ရုစဗဲ့ပေါ်သို့  အလည်အပတ်သွားရောက်ခဲ့သည့် တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုကိုတွေ့ရစဉ်(Photo: Reuters)
Published 27 June 2024

တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့သည် ဇွန် ၂၇ ရက်က ၎င်းတို့၏ အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုသစ်ကို စတင်ခဲ့ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောကြားခဲ့သည်။

မဟာမိတ်နိုင်ငံများဖြစ်သည့် တောင်ကိုရီးယား၊ အမေရိကန်နှင့် ဂျပန်တို့သည် မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုအန္တရာယ်ကြီးထွားလာမှုကို တန်ပြန်ရန် ကြိုးပမ်းလျက်ရှိသည်။

Freedom Edge ဟု အမည်ရသော အဆိုပါ စစ်ရေးလေ့ကျင့်မှုတွင် ပဲ့ထိန်းဒုံးကျည်၊ လေကြောင်းရန်ကာကွယ်ရေး၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေး ကို ကာကွယ်သည့် လေ့ကျင့်မှုတို့ကို အဓိကလုပ်ဆောင်မည်ဖြစ်ကြောင်း တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယမန်နှစ် သြဂုတ်လက အမေရိကန်သမ္မတ၏ ကျေးလက်အပန်းဖြေစခန်းဖြစ်သော Camp David ၌ ပြုလုပ်သည့် ထိပ်သီးဆွေးနွေးပွဲတွင် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားခေါင်းဆောင်တို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို နှစ်စဉ်ပြုလုပ်ရန် သဘောတူညီခဲ့သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ခြိမ်းခြောက်မှု၊ဒေသတွင်း၌ တရုတ်၏သြဇာကြီးထွားလာမှုနှင့် ရင်ဆိုင်ရစဉ် မဟာမိတ်သုံးနိုင်ငံ၏ ခေါင်းဆောင်များက တညီတညွတ်တည်း တုံ့ပြန်မှုများလုပ်ဆောင်ရန် ကြိုးပမ်းလျက်ရှိ သည်။

ယခင်က အလားတူ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်စဉ်ကလည်း မြောက်ကိုရီးယားကို အကြီးအကျယ် အမျက်ဒေါသထွက်စေခဲ့သည်။ ထိုသို့စစ်ရေးလေ့ကျင့်မှုများသည် ၎င်းတို့အား ကျူးကျော်တိုက်ခိုက်ရန် အကြိုလေ့ကျင့်ပြင်ဆင်မှုဖြစ်သည်ဟု မြောက်ကိုရီးယားက ရှုမြင်ထားသည်။

ဇွန် ၂၉ ရက်တွင် ပြီးဆုံးမည့် အဆိုပါစစ် ရေးလေ့ကျင့်မှုတွင် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး သီယိုဒိုးရုစဗဲ့၊ ဂျပန်၏ ပဲ့ထိန်းဒုံးကျည်တပ် ဖျက်သင်္ဘောဂျေအက်စ်အာတာဂိုနှင့်  တောင်ကိုရီးယား၏ KF-16 ဂျက်တိုက်လေယာဉ်များအပြင် အခြားစစ်လက်နက်အသုံးအဆောင်များလည်း ပါဝင်မည်ဖြစ်သည်။

ယင်းစစ်ရေးလေ့ကျင့်မှုမတိုင်မီ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုက အမေရိကန် လေယာဉ်တင်သင်္ဘောကြီး သီယိုဒိုး ရုစဗဲ့ဆီသို့ အလည်အပတ်သွားရောက်ခဲ့သည်။

အဆိုပါ လေယာဉ်တင်သင်္ဘောကြီးသည် ဇွန် ၂၂ ရက်က ဘူဆန်ဆိပ်ကမ်းမြို့သို့ ဆိုက်ရောက်လာကြောင်း တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောများပိုင်ဆိုင်သည့် နိုင်ငံနှစ်နိုင်ငံသာရှိပြီး အမေရိကန်လည်း အပါအဝင်ဖြစ်သည်။ နျူကလီးယားစွမ်းအင်အသုံးပြုခြင်းကြောင့် လေယာဉ်တင်သင်္ဘော များကို ဆီဖြည့်စရာမလိုဘဲ အချိန်ကြာမြင့်စွာ ခုတ်မောင်းအသုံးပြုနိုင်သည်။

တောင်ကိုရီးယားသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိလာမှုကို မြောက်ကိုရီးယားက ဒေါသတကြီး တုံ့ပြန်ခဲ့ပြီး မိမိတို့၏ အားကောင်းသော အဟန့်အတားစွမ်းရည်သစ်များကို ထုတ်ဖော်ပြသနိုင်မည့် ဖြစ်နိုင်ခြေ အားလုံးအတွက် လမ်းဖွင့်ထားသည်ဟု ပြောဆိုထားသည်။

တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်တို့၏ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးများကလည်း ဉာဏ်ရည်တုနည်းပညာ၊ ပို့ကုန်ထိန်းချုပ်ရေး၊ သန့်စင်စွမ်းအင်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ဖြန့်ဖြူးမှုကွင်းဆက်ကဲ့သို့ မဟာဗျူဟာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မည်ဟု ဇွန် ၂၆ ရက်က ကတိပြုခဲ့သည်။

Ref: AFP

Most Read

Most Recent