ပါလက်စတိုင်းဘက်မှ ထောက်ခံသည့် အနေဖြင့် မော်ဒိုက်နိုင်ငံက အစ္စရေး နိုင်ငံသားများအား ပြည်ဝင်ခွင့်ပိတ်မည်

ပါလက်စတိုင်းဘက်မှ ထောက်ခံသည့် အနေဖြင့် မော်ဒိုက်နိုင်ငံက အစ္စရေး နိုင်ငံသားများအား ပြည်ဝင်ခွင့်ပိတ်မည်
Published 3 June 2024

မော်ဒိုက်နိုင်ငံက ပါလက်စတိုင်းနှင့် တစ်သားတည်းရှိကြောင်း ထောက်ခံပြသသည့်အနေဖြင့် အစ္စရေးနိုင်ငံသားများအား နိုင်ငံသို့ လာရောက်လည်ပတ်ခွင့် တားမြစ်ပိတ်ပင်သွားမည်ဖြစ်ကြောင်း မော်ဒိုက်သမ္မတရုံးက ဇွန် ၂ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်၏ ကြေညာချက်တွင် သမ္မတမိုဟာမက်မူဝီဇူက အစ္စရေးနိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများကို နိုင်ငံဝင်ရောက်ခွင့်မပြုတော့ကြောင်း  ဆုံးဖြတ်လိုက်သည်ဟု ဖော်ပြခဲ့ပြီး ထိုတားမြစ် ချက် မည်သည့်အချိန် စတင်အသက်ဝင်မည်ကိုမူ အသေးစိတ်မကြေညာခဲ့ပေ။

ထို့ပြင် သမ္မတက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရန်ပုံငွေရှာမည့် ကမ်ပိန်းတစ်ရပ်ပြုလုပ်ရန်လည်း ဆုံးဖြတ် ထားသည်ဟု ဖော်ပြခဲ့သည်။

တရားဝင်စာရင်းများအရ မော်ဒိုက်နိုင်ငံသို့ သွားလည်သည့် အစ္စရေးတိုးရစ် အရေအတွက်သည် ယခုနှစ် ပထမလေးလအတွင်း  ၅၂၈ ဦးအထိ ကျဆင်းသွားကာ မနှစ်က ကာလအပိုင်း အခြားနှင့်ယှဉ်လျှင် ၈၈ ရာခိုင်နှုန်း ကျသွားခဲ့သည်။

မော်ဒိုက်ကြေညာချက်ထွက်လာအပြီး အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနိုင်ငံသားများ မော်ဒိုက်သို့ မသွားကြရန်၊ ရောက်နှင့်ပြီးသားသူများကလည်း ပြန်ထွက်ခွာရန် မဟုတ်ပါက အကူအညီ ပေးရန်ခက်လိမ့်မည်ဟု သတိပေးချက် ထုတ်ပြန်ထားသည်။                  

Ref:TRT World

Most Read

Most Recent