ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ ရောက်ရှိ

ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် အမေရိကန်လေယာဉ်တင်သင်္ဘောတစ်စင်း တောင်ကိုရီးယားသို့ ရောက်ရှိ
တောင်ကိုရီးယားနိုင်ငံ ဘူဆန်လေတပ်စခန်းတွင် ကျောက်ချရပ်နားထားသည့် USS Theodore Roosevelt လေယာဉ်တင်သင်္ဘော၏  လေယာဉ်ရုံအတွင်း F-18 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
တောင်ကိုရီးယားနိုင်ငံ ဘူဆန်လေတပ်စခန်းတွင် ကျောက်ချရပ်နားထားသည့် USS Theodore Roosevelt လေယာဉ်တင်သင်္ဘော၏  လေယာဉ်ရုံအတွင်း F-18 တိုက်လေယာဉ်တစ်စင်းကို တွေ့ရစဉ်(Photo:AFP)
Published 24 June 2024

မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာ တန်ပြန်နိုင်ရန်ရည်ရွယ်၍ အမေရိကန်လေယာဉ် တင်သင်္ဘောတစ်စင်းသည် ပူးတွဲစစ်ရေးလေ့ကျင့်မှုများအတွက် တောင်ကိုရီးယားသို့ ဇွန် ၂၂ ရက်တွင် ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယားရေတပ်က ပြောကြားခဲ့သည်။

ယခုသီတင်းပတ်တွင် ပြုံယမ်းမြို့တော် ၌ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်တို့က တိုက်ခိုက်မှုဖြစ်ပွားလျှင် အချင်းချင်းအကူအညီပေးမည့် ကတိကဝတ်တစ်ရပ်အပါအဝင် ကာကွယ်ရေးသဘောတူစာချုပ်တစ်ခုကို ချုပ်ဆိုခဲ့မှုအား ဆန့်ကျင်သည့်အနေဖြင့် တောင်ကိုရီးယားအစိုးရက တောင်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကို ဆင့်ခေါ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ယင်းထုတ်ပြန် ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“အမေရိကန်ရဲ့ လေယာဉ်တင်သင်္ဘော Theodore Roosevelt ဟာ ဇွန် ၂၂ ရက်နံ နက်ခင်းမှာ ဘူဆန်ရေတပ်စခန်းဆီ ရောက်ရှိခဲ့ပါတယ်”ဟု တောင်ကိုရီးယားရေတပ်က ထုတ်ပြန်ခဲ့သည်။

ယင်းလေယာဉ်တင်သင်္ဘောရောက်ရှိလာခြင်းသည် တောင်ကိုရီးယား-အမေရိကန် မဟာမိတ်၏ ခိုင်မာသော ပေါင်းစည်းကာကွယ်ရေးအနေအထားကို ပြသခြင်းဖြစ်ကာ မြောက်ကိုရီးယား၏ မြင့်တက်လာသော ခြိမ်း ခြောက်မှုများကို တုံ့ပြန်ရန် ၎င်းတို့၏ခိုင်မာသော သန္နိတ်ဋ္ဌာန်ကို ပြသခြင်းလည်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမေရိကန်လေယာဉ်တင် သင်္ဘောတစ်စီးဖြစ်သည့် USS Carl Vinson က ပြုံယမ်းကို ဆန့်ကျင်သည့် အင်အားကိုပြသသည့်အနေဖြင့် တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီးနောက် ခုနစ်လနီးပါးအကြာတွင် နောက်ထပ်လေယာဉ်တင် သင်္ဘောတစ်စင်း ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

USS Theodore Roosevelt သည်ယခုလတွင် တောင်ကိုရီးယားနှင့် ဂျပန်တို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများ ပါဝင်သွားမည်ဟု မျှော်မှန်းထားသည်။ မြောက်ကိုရီးယားအစိုးရကမူ ယင်းပူးပေါင်းစစ်ရေး လေ့ကျင့်မှုများကို ကျူးကျော်မှုအတွက် အစမ်းလေ့ကျင့်မှုများ ပြစ်တင်ရှုတ်ချခဲ့သည်။

အမေရိကန်၊ တောင်ကိုရီးယားနှင့်ဂျပန်တို့သည် ၎င်းတို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုများကို တိုးချဲ့ပြီး မြောက်ကိုရီးယားကို ဟန့်တားရန်အတွက်ဒေသတွင်း မဟာဗျူဟာမြောက် အမေရိကန်စစ်ဘက်ဆိုင်ရာပစ္စည်း ကိရိယာများကို ပိုမိုသိသာထင်ရှားစေရန် တိုးမြှင့်လုပ်ဆောင်လာခဲ့သည်။

တောင်ကိုရီးယားအစိုးရက ယခုလတွင် တတိယအကြိမ် ကျူးကျော်မှုအဖြစ် မြောက်ကိုရီးယားစစ်သားများက အခိုင်အမာခံစစ် ပြင်ထားသော နှစ်နိုင်ငံနယ်စပ်ကို ခေတ္တဖြတ်ကျော်ဝင်ရောက်ခဲ့ရာ သတိပေးပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ရသည်။

၁၉၅၀-၁၉၅၃ ခုနှစ် ကိုရီးယားစစ်ပွဲကို ငြိမ်းချမ်းရေးသဘောတူညီချက်ဖြင့် မဟုတ်ဘဲ စစ်ဆိုင်းစာချုပ်ဖြင့်သာ ပြေငြိမ်းခဲ့သည့်အတွက် လက်တွေ့သဘောအရ စစ်ဖြစ်နေဆဲ အခြေအနေ၌ပင် ရှိနေသေးသည့် ကိုရီးယား နှစ်နိုင်ငံ ဆက်ဆံရေးသည် နှစ်အတန်ကြာအတွင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။ မြောက်ကိုရီးယားသည် မြေမြှုပ်မိုင်းခင်းခြင်း၊ စစ်နည်းဗျူဟာအရ ဖောက်လုပ်ထားသော လမ်းများကို ပြုပြင်ခြင်းနှင့် တင့်ကားအတားအဆီးများ ဖြစ်ပုံရသည့် အရာများကို ဖြည့်တင်းကာ အခိုင်အမာ ခံစစ်ပြင်ဆင်နေ သည်ဟု တောင်ကိုရီးယားစစ်တပ်က ဆိုသည်။

Ref:AFP

           

Most Read

Most Recent