လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်သို့ သမ္မတပူတင် သွားရောက်မည်ဟု ရုရှားသတင်းစာ ဖော်ပြ

လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်သို့ သမ္မတပူတင် သွားရောက်မည်ဟု ရုရှားသတင်းစာ ဖော်ပြ
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ရုရှားအရှေ့ဖျားရှိ Vostochny အာကာသစခန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ယာ)တို့ တွေ့ဆုံစဉ်(Photo:Reuters)
၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၃ ရက်က ရုရှားအရှေ့ဖျားရှိ Vostochny အာကာသစခန်းတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်(ဝဲ)နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်(ယာ)တို့ တွေ့ဆုံစဉ်(Photo:Reuters)
Published 10 June 2024

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် လာမည့်သီတင်းပတ်များအတွင်း မြောက်ကိုရီးယားနှင့် ဗီယက်နမ်သို့ သွားရောက်မည်ကြောင်း သံတမန်သတင်းရင်းမြစ်တစ်ဦး၏ အဆိုကို ကိုးကား၍ ရုရှားသတင်းစာ Vedomosti က ဇွန် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

သမ္မတပူတင် ပြုံယမ်းသို့ သွားရောက်မည်ဖြစ်ကြောင်းနှင့် ယင်းခရီးစဉ်အတွက်ပြင် ဆင်မှုများကို တက်ကြွစွာ လုပ်ဆောင်လျက်ရှိကြောင်း မြောက်ကိုရီးယားနိုင်ငံဆိုင်ရာ ရုရှားသံအမတ် အလက်ဇန်းဒါး မတ်ဆီဂိုရာက အ တည်ပြုပြောကြားခဲ့သည်။

ပူတင်သည် မြောက်ကိုရီးယားခရီးစဉ်အပြီးတွင် ဗီယက်နမ်သို့ ဆက်လက်သွားရောက်ဖွယ်ရှိပြီး အစောဆုံး အနေဖြင့် ဇွန်လထဲတွင် ဖြစ်လာနိုင်ကြောင်း ၎င်းသတင်းစာက ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ယမန်နှစ် စက်တင်ဘာလက ရုရှားသို့ သွားရောက်ကာ သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး မြောက်ကိုရီးယား၏ ဂြိုဟ်တုတည်ဆောက်မှုများကို အကူအညီပေးမည် ဟု ပူတင်က ကတိပြုခဲ့သည်။ ထို့ပြင် ကင်သည် ရုရှားအရှေ့ဖျားရှိ Vostochny အာကာသယာဉ် လွှတ်တင်ရေး စခန်းသို့လည်း သွားရောက်လေ့လာခဲ့သည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံပြီးနောက် ကင်ဂျုံအွန်သည် ရုရှားသမ္မတအား အဆင်ပြေသည့်အချိန်တွင် မြောက်ကိုရီးယားသို့လာရောက်ရန် ဖိတ်ကြားခဲ့ပြီး သမ္မတပူတင်က ဖိတ်ကြားမှုကို လက်ခံခဲ့သည်ဟု မြောက်ကို ရီးယားနိုင်ငံပိုင် မီဒီယာက ဖော်ပြခဲ့သည်။ ရုရှားနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်းသည် နံပါတ်တစ် ဦးစားပေးကိစ္စ ရပ်ဖြစ်ပြီး မြောက်ကိုရီးယားအနေဖြင့် ရုရှားဘက်မှ အမြဲတမ်း ရပ်တည်မည်ဟုလည်း ကင်က ပူတင်ကို ပြော ကြားခဲ့သည်။

ကဏ္ဍစုံတွင် မြောက်ကိုရီးယားနှင့် မိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် ဆန္ဒရှိကြောင်း ကရင်မလင်က ပြောဆိုထားသော်လည်း ပူတင်၏ ခရီးစဉ်စတင်မည့် နေ့ရက်ကို အတည်ပြုခြင်း မရှိသေးပေ။

ယူကရိန်းနှင့် စစ်ပွဲစတင်ဖြစ်ပွားပြီး နောက်ပိုင်း ရုရှားသည် မြောက်ကိုရီးယားနှင့် အီရန်အပါအဝင် အမေရိကန်၏ ရန်ဘက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ခဲ့သည်။ ထိုသို့ ဆက်ဆံရေးတိုးမြှင့်မှုသည် အနောက်နိုင်ငံများအတွက် အဓိကစိုးရိမ်စရာ အကြောင်းရင်းတစ်ခုဖြစ်သည်။

ရုရှားက ယူကရိန်းစစ်မြေပြင်တွင် မြောက်ကိုရီးယားက ပေးပို့ထားသော တာတိုပစ် ပဲ့ထိန်းဒုံးကျည်များကို အသုံးပြုနေသည်ဟု အမေရိကန်နှင့် ယူကရိန်းတို့က ယခုနှစ် ဇန်နဝါရီလတွင် စွပ်စွဲပြောဆိုခဲ့ပြီး ရုရှားကမူ ယင်းစွပ်စွဲချက်များကို ငြင်းဆန်ခြင်း သို့မဟုတ် အတည်ပြုခဲ့ခြင်းမရှိပေ။

ပူတင်၏ မြောက်ကိုရီးယား ခရီးစဉ်အတွင်း ရုရှားအနေဖြင့် မြောက်ကိုရီးယား ရွှေ့ပြောင်းလုပ်သားများကို လက်ခံခြင်းပြုမပြုနှင့် စပ်လျဉ်း၍ ဆွေးနွေးဖွယ်ရှိသည်ဟု Vedomosti သတင်းစာက ဖော်ပြခဲ့သည်။

ယူကရိန်းနှင့် စစ်ပွဲဖြစ်ပွားနေသည့်အတွက် သိန်းနှင့်ချီသည့် ရုရှားအမျိုးသားများသည် စစ်မှုထမ်းခြင်း သို့မဟုတ် စစ်မှုထမ်းရန် ဆင့်ခေါ်ခံရမည်ကို စိုးရိမ်သည့်အတွက် ပြည်ပသို့ ထွက်ပြေးနေခြင်းတို့ကြောင့်  ရုရှားပြည်တွင်း၌ လုပ်သားရှားပါးမှုများ ဆိုးဆိုးရွားရွား ဖြစ်ပေါ်လျက်ရှိသည်။ ပူတင်သည် မြောက်ကိုရီးယားသို့ ၂၀၀၀ ခုနှစ်က တစ်ကြိမ် သွားရောက်ခဲ့ဖူးသည်။                    

Ref:Reuters

Most Read

Most Recent