ရုရှားသည် အနောက်အုပ်စု၏ပစ်မှတ်များကို တိုက်ခိုက်ရန် အခြားနိုင်ငံများကို တာဝေးပစ်ဒုံးကျည်များ တပ်ဆင်ပေးနိုင်သည်ဟု သမ္မတဗလာဒီမာပူတင်ပြောကြား

ရုရှားသည် အနောက်အုပ်စု၏ပစ်မှတ်များကို တိုက်ခိုက်ရန် အခြားနိုင်ငံများကို တာဝေးပစ်ဒုံးကျည်များ တပ်ဆင်ပေးနိုင်သည်ဟု သမ္မတဗလာဒီမာပူတင်ပြောကြား
Published 6 June 2024
Ref:AFP

အနောက်အုပ်စု၏ တာဝေးပစ်လက်နက်များ ယူကရိန်းသို့ ပေးပို့မှုကို ဇွန် ၅ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဝေဖန်လိုက်ပြီး မော်စကိုသည် အနောက်အုပ်စု၏ ပစ်မှတ်များကို တိုက်ခိုက်ရန် အခြားနိုင်ငံများအား အလားတူလက်နက်များ တပ်ဆင်ပေးနိုင်သည်ဟု ပြောကြားခဲ့သည်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံအချို့က ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ရာတွင် ၎င်းတို့၏ လက်နက်များကို အသုံးပြုရေးအတွက် ယူကရိန်းအား ခွင့်ပြုပေးလိုက်ပြီးနောက် ပြည်ပသတင်းဌာနများနှင့် ရှားရှားပါးပါပြုလုပ်သော အင်တာဗျူးတွင် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အနောက်အုပ်စုက ယူကရိန်းကို ယင်းသို့ခွင့်ပြုပေးလိုက်ခြင်းသည် ဆိုးရွားသော အတွက်မှားမှုဖြစ်သည်ဟု မော်စကိုက ပြောကြားထားသည်။

လွန်ခဲ့သောလများတွင် ရုရှားကစစ်မြေပြင်တွင် လက်ဦးမှုများပြန်လည်ရရှိလာခြင်းနှင့်အတူ ယူကရိန်းက အမေရိကန်၏ တာဝေးပစ်ဒုံးကျည်များ အသုံးပြု၍ ရုရှားနိုင်ငံထဲက ပစ်မှတ်များကို တိုက်ခိုက်ခွင့်ပေးရန် အကြိမ်ကြိမ်တောင်းဆိုခဲ့သည်။ ယင်းသို့ အမေရိကန်လက်နက်များကိုအသုံးပြု၍ ရုရှားနိုင်ငံထဲက ပစ်မှတ်များကို ယူကရိန်းက တိုက်ခိုက်ခြင်းသည် နေတိုးကို ရုရှားနှင့်ဖြစ်ပွားနေသော ပဋိပက္ခအတွင်း တိုက်ရိုက်ဆွဲသွင်းသည့်ပုံစံဖြစ်လာမည်ကို စိုးရိမ်သောကြောင့် ယင်းကိစ္စကို ၀ါရှင်တန်က ငြင်းဆန်ထားခဲ့သည်။

“တစ်ဦးတစ်ယောက်က ကျွန်တော်တို့ရဲ့ နယ်မြေကို တိုက်ခိုက်ဖို့ စစ်မြေပြင်ကို အဲဒီလိုလက်နက်တွေပံ့ပိုးတာ၊ ကျွန်တော်တို့အတွက် ပြဿနာတွေ ဖန်တီးတာဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ထင်ထားမယ်ဆိုရင်တော့ ကျွန်တော်တို့ကလည်း အနောက်နိုင်ငံတွေရဲ့ အရေးကြီးတဲ့နေရာတွေကို တိိုက်ခိုက်နိုင်တဲ့ ကမ္ဘာ့ဒေသတွေကို အဲဒီလိုမျိုးလက်နက်တွေ ဘာကြောင့် ထောက်ပံ့ခွင့်မရှိရမှာလဲ” ဟု ပူတင်က ပြောကြားခဲ့သည်။

“ဆိုတော့ကာတုံ့ပြန်မှုဟာ အချိုးအစားမကျဖြစ်နိုင်တယ်။ အဲဒီကိစ္စကို ကျွန်တော်တို့ စဉ်းစားသွားမှာဖြစ်ပါတယ်” ဟု ၎င်းက သတင်းထောက်များကို ပြောကြားခဲ့သည်။

“စစ်ပွဲဖြစ်ပွားနေတဲ့ နယ်မြေကို လက်နက်တွေပေးပို့တာဟာ အမြဲတမ်းဆိုးရွားပါတယ်။ လက်နက်ပေးပို့တဲ့သူတွေဟာ လက်နက်တွေပေးရုံသာမက အဲဒီလက်နက်တွေကို ထိန်းချုပ်ထားတာဟာ ပိုလို့တောင်ဆိုးရွားနေပါတယ်။ ဒါဟာ တော်တော်စိုးရိမ်ရတဲ့ အဆင့်ဖြစ်ပါတယ်။ အန္တရာယ်များလွန်းတဲ့ အဆင့်ဖြစ်ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

“ဂျာမနီပ့ံပိုးပေးတဲ့ တင့်ကားတွေ ယူကရိန်းမြေမှာ ပထမဆုံးပေါ်လာတဲ့အခါ အဲဒါဟာ ဒုတိယကမ္ဘာစစ်ရဲ့သမိုင်းကြောင့် ရုရှားမှာ ကိုယ်ကျင့်တရားနဲ့လူကျင့်ဝတ်ဆိုင်ရာ ရော့ခ်တို့ ပေါ်ပေါက်ခဲ့ပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။

“ရုရှားနယ်မြေထဲက ပစ်မှတ်တွေကို ထိမှန်အောင်ပစ်မယ့် နောက်ထပ်ဒုံးကျည်တွေ ရောက်လာဦးမယ်လို့ သူတို့ကပြောတဲ့အခါ အဲဒါဟာ ရုရှား-ဂျာမနီ ဆက်ဆံရေးတွေကို ပျက်စီးသွားစေတယ်ဆိုတာ အတိအကျပါပဲ” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ယူကရိန်းစစ်ပွဲကို ၎င်း၏နိုင်ငံက စတင်ခဲ့ခြင်းမဟုတ်ဟု ပူတင်က ပြောကြားခဲ့ပြီး အနောက်လိုလားသည့် ၂၀၁၄ တော်လှန်ရေးကို အပြစ်တင်ခဲ့သည်။         

Most Read

Most Recent