ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း ယာဂီဝင်ရောက်တိုက်ခတ်ပြီးနောက် သေဆုံးသူ ၁၃ ဦးအထိရှိလာ

ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်း ယာဂီဝင်ရောက်တိုက်ခတ်ပြီးနောက် သေဆုံးသူ ၁၃ ဦးအထိရှိလာ
အပူပိုင်းမုန်တိုင်း ယာဂီဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်တစ်လျှောက်တွင် ဒီရေတက်နေပုံကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်(Photo: AFP)
အပူပိုင်းမုန်တိုင်း ယာဂီဝင်ရောက်တိုက်ခတ်မှုကြောင့် မိုးသည်းထန်ပြီး ဖိလစ်ပိုင်နိုင်ငံ မနီလာပင်လယ်အော်တစ်လျှောက်တွင် ဒီရေတက်နေပုံကို စက်တင်ဘာ ၂ ရက်က တွေ့ရစဉ်(Photo: AFP)
Published 3 September 2024

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်းယာဂီ ဝင်ရောက်တိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၃ ဦးထက်မနည်း ရှိလာခဲ့ကာ စက်တင်ဘာ ၃ ရက်က ရာသီဥတု ဆိုးရွားဖွယ်ရှိခြင်းကြောင့် မြို့တော်မနီလာနှင့် အနီးဝန်းကျင် ပြည်နယ်များတွင် စာသင်ကျောင်းများနှင့် အစိုးရရုံးများကို ပိတ်ထားခဲ့ကြောင်း သိရသည်။

ဒေသအခေါ် အန်တန်ဟုလည်း လူသိများသည့် ယာဂီ အပူပိုင်းမုန်တိုင်းကြောင့် စက်တင်ဘာ ၂ ရက်က နိုင်ငံအရှေ့ပိုင်းကာ စီဂူရန်မြို့တွင် မြေပြိုမှုဖြစ်ပွားခဲ့ကာ ဓာတ်အားပြတ်တောက်မှုများလည်း ဖြစ်ပေါ်ခဲ့ကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ အရာရှိတစ်ဦးက ဆိုသည်။

ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ အဆိုပါ မုန်တိုင်းသည် ဖိလစ်ပိုင်မြောက်ပိုင်း အီလိုကော့စ်ပြည်နယ်၊ Laoaga မြို့နှင့် မလှမ်းမကမ်းရှိ ကမ်းရိုးတန်းရေပြင်အား ဗဟိုပြုလျက်ရှိကြောင်း ပြည်နယ်မိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည်။

ယာဂီ မုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၇၅ ကီလိုမီတာရှိကာ တောင်တရုတ်ပင်လယ်ကို ကျော်ဖြတ်၍အနောက်မြောက်ဘက်သို့ ဦးတည်ရွေ့လျားဖွယ်ရှိကြောင်း သိရသည်။

မနီလာမြို့ အရှေ့ပိုင်း၊ အန်တီပိုလို မြို့တွင် မြေပြိုမှုနှင့် ရေနစ်မှုတို့ကြောင့် လူခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ မြေပြိုမှုနှင့် ရုတ်တရက်ရေ ကြီးရေလျှံမှုများကြောင့် လူလေးဦး ပျောက်ဆုံးနေကြောင်း သိရသည်။

“ရှာဖွေကယ်ဆယ်မှုတွေ ဆက်လုပ်နေပါတယ်”ဟု အန်တီပိုလိုမြို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာမှ အရာရှိတစ်ဦးဖြစ်သူ အန်ရီလီတို ဘာနာဒိုက ပြောကြားခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံ၏ အလယ်ပိုင်းပြည်နယ်များတွင်လည်း လူသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားခဲ့သည်။ မြောက်ပိုင်းဆာမာမြို့တွင် မြေပြိုမှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ပြီ နီဂရော့စ် အိုရီအန်တယ်မြို့တွင်လည်း လူတစ်ဦးရေနစ်သေဆုံးခဲ့သည်။ နိုင်ငံအရှေ့ပိုင်း နာဂါမြို့တွင်လည်း လူသုံးဦးသေဆုံးခဲ့ကြောင်း သိရသည်။

နိုင်ငံအလယ်ပိုင်း ဆီဘူးမြို့၌ နောက်ထပ်နှစ်ဦး သေဆုံးခဲ့သည်ဟု သတင်းထွက်ပေါ်နေသော်လည်း အဆိုပါ မုန်တိုင်းကြောင့်သေဆုံးခဲ့ခြင်း ဟုတ်မဟုတ်ကို တရားဝင်အတည်ပြုခြင်း မရှိသေးပေ။

ဖိလစ်ပိုင်နိုင်ငံသည် ပျမ်းမျှအားဖြင့် နှစ်စဉ်အပူပိုင်းမုန်တိုင်းနှင့် တိုင်ဖွန်းမုန်တိုင်း အကြိမ် ၂၀ ခန့် ကြုံတွေ့ရလေ့ရှိသည်။

အပူပိုင်းမုန်တိုင်း ယာဂီသည် စက်တင်ဘာ ၁ ရက် ညပိုင်းက မနီလာမြို့၏ အရှေ့တောင်ဘက်၊ ဘီကိုးလ်ဒေသအား ပွတ်ကာသီကာ ဖြတ်ကျော်ပြီးနောက် စက်တင်ဘာ ၂ ရက်က လူဇုံကျွန်းမကြီးဆီသို့ အရှိန်ပြင်းပြင်း ဝင်ရောက်ခဲ့သည့်အတွက် မိုးသည်းထန်မှုများ ထပ်မံဖြစ်ပွားနိုင်ခြင်းကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ထပ်မံဖြစ်ပွားနိုင်ဖွယ်ရှိကြောင်း မိုးလေဝသဌာနက ခန့်မှန်းထားသည်။

ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့တော်မနီလာရှိ စာသင်ကျောင်းများနှင့် အစိုးရရုံးများကို ပိတ်ထားခဲ့ပြီး နေရာဒေသအချို့တွင် ကူးတို့သင်္ဘောပြေးဆွဲမှုများကို ရပ်ဆိုင်းထားကာ ပြည်တွင်းလေကြောင်း ခရီးစဉ်များ ကိုလည်းဖျက်သိမ်းခဲ့သည်။

အချို့နေရာများတွင် ဖြစ်ပွားနေသော ရေကြီးရေလျှံမှုများသည် ဦးခေါင်းအမြင့်ကိုပင် ကျော်လွန်နေကြောင်း ဘီကိုမြို့၏ အများပြည်သူဘေးကင်းလုံခြုံရေးဆိုင်ရာရုံးက AFP သတင်းဌာနအား ပြောကြားခဲ့ပြီး ရာနှင့်ချီသည့် မြို့ခံများကို ကယ်ဆယ်ထားကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၂ ရက်က ယာယီကယ်ဆယ်ရေးစခန်းများတွင် လူ ၃၀၀ ကျော်နေထိုင်ရလျက်ရှိပြီး လူဦးရေ ၂၁၀,၀၀၀ နေထိုင်သော အဆိုပါမြို့တွင် ရေပြန်ကျနှုန်းနှေးကွေးလျက်ရှိကြောင်း သိရသည်။ မနီလာပင်လယ် အော်တွင် လှိုင်းကြီးခြင်းနှင့် ဒီရေတက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။    

Ref: AFP

Most Read

Most Recent