ဘင်္ဂလားဒေ့ရှ်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များ၊ ရာဘာကျည်များ ပစ်ခတ်ပြီး လူစုခွဲ

ဘင်္ဂလားဒေ့ရှ်တွင် ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို မျက်ရည်ယိုဓာတ်ငွေ့များ၊ ရာဘာကျည်များ ပစ်ခတ်ပြီး လူစုခွဲ
ဇူလိုင် ၁၁ ရက်က ဒါကာမြို့တော်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြကျောင်းသားများ ထိပ်တိုက်တွေ့နေစဉ်(Photo:AFP)
ဇူလိုင် ၁၁ ရက်က ဒါကာမြို့တော်တွင် ရဲတပ်ဖွဲ့နှင့် ဆန္ဒပြကျောင်းသားများ ထိပ်တိုက်တွေ့နေစဉ်(Photo:AFP)
Published 12 July 2024

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အလုပ်အကိုင်များကို ခွဲတမ်းချသည့် စနစ်ကို ဖျက်သိမ်းရန် တောင်းဆိုနေသည့် ဆန္ဒပြတက္ကသိုလ်ကျောင်းသားများကို လူစုခွဲရန် ရဲတပ်ဖွဲ့က  ဇူလိုင် ၁၁ ရက်တွင် မျက်ရည်ယိုဓာတ်ငွေ့များ၊ ရာဘာကျည်များဖြင့် ပစ်ခတ်လူစုခွဲခဲ့သည်။

အလုပ်အကိုင်ခွဲတမ်းချသည့် စနစ်အရ လစာကောင်းသည့် အစိုးရဝန်ထမ်းနေရာ စုစုပေါင်း၏ ထက်ဝက် ကျော်ဖြစ်သည့် သောင်းနှင့်ချီသည့် ဝန်ထမ်းနေရာများကို ၁၉၇၁ ခုနှစ် ဘင်္ဂလားဒေ့ရှ် လွတ်မြောက် ရေးစစ်ပွဲအတွင်းမှ သူရဲကောင်းများ၏ ကလေးများပါဝင်သည့် အထူးအုပ်စုအတွက် လျာထားခြင်း ဖြစ်သည်။

ကျောင်းသားများသည် ယခုလအစောပိုင်းကတည်းက ဆန္ဒပြမှုများကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အရည်အချင်းအပေါ်အခြေခံသည့် အလုပ်အကိုင်ပေးသည့်စနစ်ကို ကျင့်သုံးရန် တောင်းဆိုခဲ့သည်။

ဘင်္ဂလားဒေ့ရှ်၏ ထိပ်သီးတရားရုံးကမူ ဆန္ဒပြသူများ ဖျက်သိမ်းရန် တောင်းဆိုနေသည့် အလုပ်အကိုင် ခွဲတမ်းချသည့်စနစ်ကို ဆိုင်းငံ့ပေးခဲ့သည့်တိုင် ဆန္ဒပြမှုများ ဆက်လက်ဖြစ်ပွားခဲ့သည်။

ကျောင်းသားများသည် ဒါကာမြို့တော်၏ အဝေးပြေးလမ်းမတစ်ခုကို ပိတ်ဆို့ရန် ကြိုးပမ်းခဲ့ပြီးနောက် ကိုမီလာမြို့တွင် ကျောင်းသား ၁၅၀ ခန့်ကို အရာရှိများက အင်အားသုံးပြီး လူစုခွဲခဲ့ကြောင်း ရဲတပ်ဖွဲ့အကြီးအကဲ ဆေးယက် ဖက်ဇ်လီရက်ဘီက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

“ရဲတပ်ဖွဲ့က သူတို့ကို လူစုခွဲဖို့  ရာဘာကျည်တွေ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်ခတ်ခဲ့ပါတယ်”ဟု ၎င်းကဆိုသည်။

ဆန္ဒပြသူ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ ဆေးရုံမှ ဆင်းသွားပြီဖြစ်ကြောင်း ကိုမီလာ ဆေးဘက်ဆိုင်ရာ ကောလိပ်ဆေးရုံမှ ညွှန်ကြားရေးမှူး ရှိတ်ဖက်ဇ်လီ ရက်ဘီက ပြောသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကမူ ဒဏ်ရာရရှိသူ ၂၀ ဦးထက်မနည်းရှိသည့် သတင်းများကို ရရှိခဲ့ပြီး အာဏာပိုင်များအနေဖြင့် မလိုအပ်ဘဲ အင်အားအလွန်အကျူး အသုံးပြုခြင်းကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။

ဒါကာမြို့တော်တွင် ရဲတပ်ဖွဲ့သည် မြို့တွင်းရှိ လမ်းများကို ပိတ်ဆို့နေသည့် ထောင်နှင့်ချီသည့် လူငယ်ဆန္ဒပြသူများကို ဟန့်တားရန် ကြိုးပမ်းနေသည်။

Jamuna ရုပ်သံက ထုတ်လွှင့်သည့် မှတ်တမ်းများတွင် ဆန္ဒပြသူအချို့သည် ရဲကားတစ်စီးပေါ်တက်နေပြီး ရာနှင့်ချီသည့် အခြားဆန္ဒပြသူများက ရဲတပ်ဖွဲ့၏ အတားအဆီးများကို ဖယ်ရှားနေပုံကို မြင်တွေ့ရသည်။

စစ်တကောင်းဆိပ်ကမ်းမြို့တွင်လည်း ရဲတပ်ဖွဲ့သည် ရာနှင့်ချီသည့် ဆန္ဒပြသူများကို နံပါတ်တုတ်များဖြင့် ရိုက်နှက်ပြီး လမ်းမတစ်ခုပေါ်တွင် ချီတက်လမ်းလျှောက်မှုကို တားဆီးရန် ကြိုးပမ်းခဲ့သည်ဟု မျက်မြင်များက အေအက်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

“ရဲတွေက ကျွန်မတို့ကို ဆန္ဒပြမှုတွေ ရပ်တန့်ဖို့ ကြိုးပမ်းနေပါတယ်။ ကျွန်မတို့ရဲ့ တောင်းဆိုမှုတွေ မပြည့်မချင်း ကျွန်မတို့ လမ်းပေါ်ကနေ ထွက်ခွာမှာမဟုတ်ပါဘူ”ဟု အမည်မဖော်လိုသည့် ကျောင်းသူတစ်ဦးက အေ အက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။

အလုပ်အကိုင်ခွဲတမ်းများ ဦးစားပေးသည့်စနစ်သည် တိုင်းရင်းသားလူနည်းစုများ၊ မသန်စွမ်းများကိုသာ ဆက်လက်ထောက်ပံ့ပေးသင့်ကြောင်း ကျောင်းသားများက တောင်းဆိုခဲ့ကြသည်။

ဇူလိုင် ၁၀ ရက်တွင် ဘင်္ဂလားဒေ့ရှ်၏ ထိပ်သီးတရားရုံးတစ်ခုက ထိုအလုပ်အကိုင် ခွဲတမ်းစနစ်ကို ယာယီဆိုင်းငံ့ခဲ့သော်လည်း  ဆန္ဒပြသူများက ထိုစနစ်ကို အလုံးစုံဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။

ထိုစနစ်သည် ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ထောက်ခံသည့် အစိုးရလိုလားသည့် အုပ်စုများ၏ ကလေးများကိုသာ အကျိုးရှိစေခဲ့သည်ဟု ဝေဖန်သူများက ပြောကြားခဲ့သည်။  ဟာစီနာ (၇၆ နှစ်)သည် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲတွင် စတုတ္ထသက်တမ်းကို အနိုင်ရရှိခဲ့သည်။

Ref:AFP

Most Read

Most Recent