နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများမရှိစေရန် တရုတ်က လုပ်ဆောင်နေဟု အမေရိကန်သံအမတ် စွပ်စွဲ

နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများမရှိစေရန် တရုတ်က လုပ်ဆောင်နေဟု အမေရိကန်သံအမတ် စွပ်စွဲ
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ပေကျင်းမြို့တော်တွင် အမေရိကန်သံအမတ် နီကိုလက်စ်ဘန်းစ်ကို တွေ့ရစဉ်(Photo:Bloomberg)
၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်က ပေကျင်းမြို့တော်တွင် အမေရိကန်သံအမတ် နီကိုလက်စ်ဘန်းစ်ကို တွေ့ရစဉ်(Photo:Bloomberg)
Published 27 June 2024

နှစ်နိုင်ငံပြည်သူများအကြား ထိတွေ့ဆက်ဆံမှုများမရှိစေရန် တရုတ်က လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်က ဇွန် ၂၅ ရက်တွင် Wall Street Journal ကထုတ်ပြန်သည့် အင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

မကြာသေးမီနှင့်များအတွင်း အမေရိကန်နှင့် တရုတ်အကြား ကုန်သွယ်ရေးနည်းပညာ၊ လူ့အခွင့်အရေး၊ ရုရှား-ယူကရိန်းစစ်ပွဲတို့အပါအဝင်များစွာသော အရေးကိစ္စများနှင့်ပတ်သက်ပြီး ဆက်ဆံရေးများ ကတောက် ကဆတ်ဖြစ်ခဲ့သည်။

ပြီးခဲ့သည့်နှစ်က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုတွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် တရုတ်သမ္မတ ရှီကျင်းပင်တို့တွေ့ဆုံခဲ့ပြီးနောက် ဆက်ဆံရေးများ အနည်းငယ်တည်ငြိမ်ခဲ့သော်လည်း ကမ္ဘာ့စီးပွားရေး အင် အားကြီးနှစ်နိုင်ငံအကြား တင်းမာမှုများ ဆက်လက်တည်ရှိနေဆဲဖြစ်သည်။

တရုတ်အစိုးရသည် တရုတ်နိုင်ငံသားများနှင့် အမေရိကန်နိုင်ငံသားများအကြား ထိတွေ့ဆက်ဆံမှုများမရှိစေရန် ကြိုးပမ်းနေကြောင်း၊ အမေရိကန်သံရုံးတွင်ပြုလုပ်သည့်  ပွဲအခမ်းအနားများကို တက်ရောက်သည့် တရုတ်နိုင်ငံ သားများကို ခြိမ်းခြောက်နေကြောင်း နှင့် အွန်လိုင်းပေါ်တွင် အမေရိကန်ဆန့်ကျင်ရေး သဘောထားများကို လှုံ့ဆော်နေကြောင်း  အမေရိကန်သံအမတ် နီကိုလက်စ်ဘန်းစ်က Wall Street Journal ကိုပြောကြားခဲ့သည်။

“သူတို့ (တရုတ်)ကတော့ နှစ်နိုင်ငံပြည်သူတွေအကြား ပြန်လည်ချိတ်ဆက်မှုတွေကို ဖြစ်စေချင်တယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် သူတို့ကပဲ အဲဒီအခြေအနေကို ဖြစ်မလာနိုင်အောင် သိသားတဲ့ အစီအစဉ်တွေနဲ့ လုပ်ဆောင်နေပါတယ်”ဟု ဘန်းစ်က ပြောကြားခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလကစပြီး လက်ရှိအချိန်အထိ အမေရိကန်သံရုံးက စီစဉ်ကျင်းပသည့် အခမ်းအနားပေါင်း ၆၁ ခုကို တက်ရောက်ခြင်းမရှိရန် တရုတ်အရာရှိများက တရုတ်နိုင်ငံသားများကို ဖိအားပေးခဲ့ ကြောင်း၊ အဆိုပါ ပွဲအခမ်းအနားများကို တက်ရောက်သူများကို ၎င်းတို့၏နေအိမ်များ၌ ညအချိန် စစ်ဆေးမေးမြန်းမှုများ အပါအဝင် အခြားပုံစံများခြင့် ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့ကြောင်း ဘန်းစ်က ပြောသည်။

ဖြစ်စဉ်တစ်ခုတွင် သံရုံး၏ ဖျော်ဖြေပွဲကို လက်ခံကျင်းပသည့် ခန်းမတစ်ခုတွင် ထိုညက လျှပ်စစ်ဓာတ်အား ရုတ်တရက် ပြတ်တောက်သွားခဲ့သဖြင့် ထိုအခမ်းအနားကို ဖျက်သိမ်းခဲ့ရကြောင်း၊ သို့သော် ထိုညမတိုင်မီနှင့် နောက်ညများတွင် ပြုလုပ်သည့် အခြားပွဲအခမ်းအနားများတွင်မူ လျှပ်စစ်မီးများ ပြတ်တောက်ခြင်းမရှိခဲ့ကြောင်း ဘန်းစ်နှင့် အမေရိကန်သံတမန်များက ပြောကြားခဲ့သည်။

“ဒါက တစ်ခါတည်းမဟုတ်ပါဘူ။ မကြာခဏဖြစ်ပွားနေတာပါ။ သံရုံးကလုပ်တဲ့ အများပြည်သူတက်ရောက်နိုင်တဲ့ ပွဲတိုင်းနီးပါးမှာ ဖြစ်ခဲ့တာပါ”ဟု ဘန်းစ်က ပြောသည်။

ထို့ပြင် ယခုလအတွင်း တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းတွင် အမေရိကန်ကောလိပ်  တက္ကသိုလ်ဆရာလေးဦးကို ဓားဖြင့်ထိုးခဲ့သည့် အမျိုးသားတစ်ဦး၏ ရည်ရွယ်ချက်နှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ပွင့်လင်းမြင်သာမှု အဆင့်ကို အားရခြင်းမရှိကြောင်း ဘန်းစ်က ပြောသည်။

ထို့ပြင် အမေရိကန်ကို အပုတ်ချရန် အားထုတ်ကြိုးပမ်းမှုများ၊ အမေရိကန်လူ့အဖွဲ့အစည်း၊ အမေရိကန်၏ သမိုင်းကြောင်း၊ အမေရိကန်၏ မူဝါဒကို ပုံဖျက်ပြောဆိုရန် ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး တရုတ်အစိုးရ၏ ရန်လိုမှုများအပေါ် စိုးရိမ်ကြောင်း ဘန်းစ်က ပြောကြားခဲ့သည်။

တရုတ်ကမူ အမေရိကန်အခြေစိုက် တရုတ်သံတမန်များ၏ လှုပ်ရှားမှုကို အမေရိကန်အစိုးရက ကန့်သတ်ထားပြီး အမေရိကန်ဗီဇာကိုင်ထားသည့် တရုတ်နိုင်ငံသားအချို့ကို ကြမ်းတမ်းစွာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း စောဒကတက်ခဲ့သည်။

Ref:AFP

Most Read

Most Recent