စင်ကာပူလေကြောင်းလိုင်းပိုုင် လေယာဉ်သည် မြန်မာနိုင်ငံကောင်းကင်ယံတွင် ပြင်းထန်လေထုမငြိမ်သက်မှု ဖြစ်စဉ်နှင့်ကြုံခဲ့ရပြီး မိနစ်ပိုင်းအတွင်း အမြင့်ပေထိုးကျသဖြင့် တစ်ဦးသေဆုံးကာ လူ ၈၀ ကျော် ဒဏ်ရာရ

စင်ကာပူလေကြောင်းလိုင်းပိုုင် လေယာဉ်သည် မြန်မာနိုင်ငံကောင်းကင်ယံတွင် ပြင်းထန်လေထုမငြိမ်သက်မှု ဖြစ်စဉ်နှင့်ကြုံခဲ့ရပြီး မိနစ်ပိုင်းအတွင်း အမြင့်ပေထိုးကျသဖြင့် တစ်ဦးသေဆုံးကာ လူ ၈၀ ကျော် ဒဏ်ရာရ
အရေးပေါ်ဆင်းသက်ခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်ကို မေ ၂၂ ရက်က ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်တွင် တွေ့ရစဉ်(Photo:AFP)
အရေးပေါ်ဆင်းသက်ခဲ့ရသည့် စင်ကာပူလေကြောင်းလိုင်းပိုင် လေယာဉ်ကို မေ ၂၂ ရက်က ဘန်ကောက်မြို့ရှိ သုဝဏ္ဏဘုမ္မိလေဆိပ်တွင် တွေ့ရစဉ်(Photo:AFP)
Published 23 May 2024

ပြင်းထန်သည့် လေထုမတည်ငြိမ်မှုကြောင့် အမြင့်မှပြုတ်ကျခဲ့သည့် စင်ကာပူ လေကြောင်းလိုင်း(SIA) ၏ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် ခရီးသည် ၁၃၁ ဦးနှင့် လေယာဉ်အမှုထမ်း ၁၂ ဦးတို့သည် မေ ၂၂ ရက် နံနက်ပိုင်းတွင် စင်ကာပူလေကြောင်းလိုင်း၏ ကယ်ဆယ်ရေးလေယာဉ်ဖြင့် စင်ကာပူသို့ ရောက်ရှိလာပြီဟု သိရသည်။

သေဆုံးသွားသူမှာ အသက် ၇၃ နှစ်အရွယ် ဗြိတိန်အမျိုးသားဖြစ်သည်ဟု ထိုင်းအာဏာပိုင်များ၏ ပြောကြားမှု အရ သိရသည်။ သေဆုံးသွားသော ခရီးသည်အမျိုးသားသည် အင်္ဂလန် အနောက်တောင်ပိုင်း ဘရစ္စတိုးလ် မြို့အနီး သွန်းဘူရီတွင်နေထိုင်သော မစ္စတာဂျော့ဖ်ကစ်ချင်း ဖြစ်သည်ဟု သိရသည်။ ၎င်းသည် ရုတ်တရက် နှလုံးဖောက် သေဆုံးသွားခြင်းဖြစ်သည်ဟု ဆိုသည်။

၎င်းသည် ဇနီးဖြစ်သူနှင့်အတူ လေယာဉ်စီးလာခြင်းဖြစ်ပြီး သီတင်းခြောက်ပတ်ကြာ အားရပ်ခရီးကို ထွက်ခွာ လာခြင်းဖြစ်သည်ဟု ၎င်း၏အိမ်နီးချင်းများက သတင်းထောက်များကို ပြောကြားခဲ့သည်။ အခြားလူ ၈၀ ကျော် သည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်ဟု ဆိုသည်။        

Boeing 777-300ER လေယာဉ်ပေါ်တွင် ခရီးသည်စုစုပေါင်း၂၁၁ ဦးနှင့် လေယာဉ်အမှုထမ်း ၁၈ ဦးပါသည်ဟု စင်ကာပူလေကြောင်းလိုင်းက မေ ၂၁ ရက် Facebook ပို့စ်၌  ဖော်ပြခဲ့သည်။

လန်ဒန်ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာသော လေကြောင်းခရီးစဉ်အမှတ် SQ 321 လေယာဉ်သည် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဒေကို အမြင့်ပေ ၃၇,၀၀၀ မှ ဖြတ်သန်းနေစဉ် ပြင်းထန်သော လေထုမငြိမ်သက်မှုကို ကြုံတွေ့ ခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။ လေကြောင်းခရီးစဉ်များနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အများ ပြည်သူအတွက် ပြုစုပေးနေသော Flight Radar ၏ဖော်ပြချက်အရ လေယာဉ်သည် ဟီးသရိုးလေဆိပ်မှ ပျံတက်သွားပြီးနောက် ၁၀ နာရီခန့်အကြာတွင် မိနစ်ပိုင်းလေးအတွင်း အမြင့်ပေ ၃၇,၀၀၀ မှ အမြင့်ပေ ၃၁,၀၀၀ သို့ ရုတ်တရက် နိမ့်ကျသွားခဲ့သည်ဟု ဆိုသည်။

လေယာဉ်သည် မြန်မာနိုင်ငံကောင်းကင်ယံတွင် ယင်းသို့ပြင်းထန်သော လေထုမငြိမ်သက်မှုနှင့် ပက်ပင်း တိုးနေချိန်အတွင်း  ရုတ်တရက် ထောင်တက်သွားလိုက်၊ အမြင့်မှ ရုတ်တရက်ပြုတ်ကျလိုက် ဖြစ်နေခဲ့သော ကြောင့် လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များသည် ကြောက်လန့်တကြား အော်ဟစ်ခဲ့သည်ဟု ဆိုသည်။ လေယာဉ်သည် ယင်းသို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေချိန်၌  ခရီးသည်အများစုသည် လေယာဉ်မျက် နှာကြက်နှင့် ဦးခေါင်းတို့ ဆောင့်မိကာ ဦးခေါင်းဒဏ်ရာများ ရရှိခဲ့သည်ဟု သိရသည်။

မေ ၂၀ ရက် ဒေသစံတော်ချိန် ည ၁၀ နာရီ ၃၈ မိနစ်တွင် လန်ဒန်၏ ဟီးသရိုးလေဆိပ်မှ ထွက်ခွာလာသော SQ 321 လေယာဉ်သည် မေ ၂၁ ရက်တွင် ဘန်ကောက်သို့ လမ်းကြောင်းပြောင်းခဲ့သည်။ လေယာဉ်သည် ထိုင်းစံ တော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်တွင် သုဝဏ္ဏဘုမ္မိလေဆိပ်ကို ဆင်းသက်ခဲ့သည်။

စင်ကာပူစံတော်ချိန် ည ၇ နာရီ ၅၀ မိနစ်တွင် လူ ၁၈ ဦးကို ဆေးရုံတင်လိုက်ရပြီး အခြားလူ ၁၂ ဦးသည် ဆေးရုံတွင် ကုသမှု ခံယူနေသည်ဟု စင်ကာပူလေကြောင်းလိုင်းက ပြောကြားခဲ့သည်။     

Ref:AFP,CNA

Most Read

Most Recent