အမေရိကန်က လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ယူကရိန်းက ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနေကြောင်း အမေရိကန်အရာရှိများ ပြောကြား

အမေရိကန်က လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ယူကရိန်းက ပထမဆုံးအကြိမ်အဖြစ် စတင်အသုံးပြုနေကြောင်း အမေရိကန်အရာရှိများ ပြောကြား
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်ရှိ White Sands ဒုံးကျည်စမ်းသပ်ရေးကွင်းတွင် ATACMS ဒုံးကျည်စနစ်စမ်းသပ်ပစ်လွှတ်မှုကို တွေ့ရစဉ်(Photo: US Army)
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်က အမေရိကန်နိုင်ငံ နယူးမက္ကဆီကို ပြည်နယ်ရှိ White Sands ဒုံးကျည်စမ်းသပ်ရေးကွင်းတွင် ATACMS ဒုံးကျည်စနစ်စမ်းသပ်ပစ်လွှတ်မှုကို တွေ့ရစဉ်(Photo: US Army)
Published 26 April 2024

အမေရိကန်က လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ယူကရိန်းက ပထမဆုံးအကြိမ်အဖြစ်စတင်အသုံးပြုနေပြီး ပြီးခဲ့သည့်သီတင်းပတ်က ခရိုင်းမီးယားရှိ ရုရှားစစ်တပ်၏ လေယာဉ်ကွင်းနှင့် အခြားနေရာတစ်ခုရှိ ရုရှားတပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်ဟု အမေရိကန်အရာရှိများက ဧပြီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

ယူကရိန်းခေါင်းဆောင်များ ကာလကြာရှည်အလိုရှိခဲ့သည့် အဆိုပါ ဒုံးကျည်သစ်များသည် ယူကရိန်း၏ တိုက်ခိုက်နိုင်စွမ်းအကွာအဝေးကို နှစ်ဆနီးပါး(မိုင် ၁၉၀)အထိ ပိုမိုရောက်ရှိစေခဲ့ပြီး အမေရိကန်ထံမှ တာလတ် ပစ်လက်နက်များကို ပြီးခဲ့သည့်နှစ်အောက်တိုဘာလက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ လက်နက်အချို့ပို့ပေးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လက်နက်တွေထပ်ပို့ပေးဦးမှာပါ”ဟု အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလေဗန်က ပြောကြားခဲ့သည်။

ဧပြီ ၂၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သည့် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး အစီအစဉ်သစ်တွင် ATACMS ဒုံးကျည်များလည်း ပါဝင်သည်။

ဘိုင်ဒင်သည် ကျည်းတပ်နည်းဗျူဟာမြောက် ဒုံးကျည်စနစ်(ATACMS)ဖြန့်ချိပေးမှုကို ဖေဖော်ဝါရီလက အတည်ပြုခဲ့ပြီး မတ်လအတွင်း အဆိုပါလက်နက်စနစ်များ ပါဝင်သည့် ဒေါ်လာသန်း ၃၀၀ တန်ကြေးရှိ စစ်ရေးအကူအညီတစ်ခုကို ကြေညာခဲ့သည်။

ပြီးခဲ့သည့်လက ပေးပို့ခဲ့သည့် ဒုံးကျည်အရေအတွက်နှင့် စုစုပေါင်း ဒေါ်လာ ၁ ဘီလျံတန်ကြေးရှိ နောက်ဆုံး အကူအညီပေးရေးအစီအစဉ်တွင်ပါဝင်သည့် ဒုံးကျည်အရေအတွက် အတိအကျကို အမေရိကန်အရာရှိများက ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

ယူကရိန်းသည် ရုရှား၏ မြင့်တက်နေသည့် တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် လက်နက်များကို ခွဲတမ်းနှင့်အသုံးပြုရသည့်အခြေအနေသို့ ရောက်ရှိနေသည်။

ယူကရိန်းသည် အလွန်ကွာဝေးသည့် နေရာများတွင်ရှိသော ရုရှားပစ်မှတ်များကို တိုက်ခိုက်နိုင်စွမ်းရှိသည့် တာဝေးပစ်ဒုံးကျည်စနစ်များကို ထောက်ပံ့ပေးရန် ကာလကြာရှည်မေတ္တာရပ်ခံခဲ့သည်။

အမေရိကန်သည် ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ပေးပို့ရန်လနှင့်ချီ ငြင်းဆန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းသည် ထိုဒုံးကျည်များကို အသုံးပြုပြီးရုရှားနိုင်ငံအတွင်းဘက်နက်ရှိုင်းသည့် နေရာဒေသများကို တိုက်ခိုက်မည့်အရေးနှင့် ပဋိပက္ခပိုမိုကျယ်ပြန့်လာမည့်အရေးတို့ကို စိုးရိမ် ခဲ့ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် အမေရိကန်သည် ကီလိုမီတာ ၁၆၀(မိုင် ၁၀၀ ခန့်) အကွာအဝေးအထိ ပစ်ခတ်ရောက်ရှိနိုင်သည့် တာလတ်ပစ်ဒုံးကျည်များကို အောက်တိုဘာလက ထောက်ပံ့ပေးခဲ့သည်။

အိမ်ဖြူတော်နှင့် စစ်ရေးအစီအစဉ်ရေးဆွဲသူများသည် ယူကရိန်းအား တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးရေးကို ဂရုတစိုက်လေ့လာဆန်းစစ်နေပြီး လက်ရှိအချိန်သည်  ထိုလက်နက်များကို ထောက်ပ့ံပေးရန် အချိန်ကောင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ လက် ထောက်ဥက္ကဋ္ဌ ရေတပ်ဗိုလ်ချုပ်ကြီး ခရစ္စတို ဖာဂရက်ဒီက ပြောကြားခဲ့သည်။

အဆိုပါ တာဝေးပစ်လက်နက်များသည် ရှေ့တန်းစစ်မျက်နှာပြင်နှင့်ဝေးသည့် နောက်တန်းမှ ရုရှားတပ်ဖွဲ့များနှင့် ထောက်ပို့လမ်းကြောင်းများကို တိုက်ခိုက်ရာတွင် အထောက်အကူဖြစ်စေလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့ သည်။                                       



Most Read

Most Recent