ယူကရိန်းနိုင်ငံအနီးတွင် နျူကလီးယားလက်နက်များဖြင့် စစ်ရေးလေ့ကျင့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် ညွှန်ကြားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ယူကရိန်းနိုင်ငံအနီးတွင် နျူကလီးယားလက်နက်များဖြင့် စစ်ရေးလေ့ကျင့်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင် ညွှန်ကြားသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်
Published 6 May 2024
Ref:AFP

ရုရှားသမ္မတဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံအနီးတွင် နျူကလီးယားလက်နက်များဖြင့် စစ်ရေးလေ့ကျင့်ရန် ရုရှားစစ်တပ်ကို ညွှန်ကြားလိုက်သည်ဟု မေ ၆ ရက်တွင် ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

နျူကလီးယားလက်နက်များဖြင့် လေ့ကျင့်မည့် အစီအစဉ်တွင် ရုရှားရေတပ်နှင့် ရုရှားစစ်သားများပါဝင်မည်ဟု မေ ၆ ရက် ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံ၏အနီးတွင် အခြေစိုက်ထားသော ရေတပ်နှင့် စစ်သားများ ပါဝင်မည်ဟု ဆိုသည်။

“စစ်ရေးလေ့ကျင့်မှုအတွင်း မဟာဗျူဟာမြောက်မဟုတ်တဲ့ နျူကလီးယားလက်နက်တွေကို ပြင်ဆင်တာ၊ အသုံးပြုတာတွေကို လေ့ကျင့်ဖို့ အစီအမံတွေကို ချမှတ်သွားမှာဖြစ်ပါတယ်” ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များဟုလည်းခေါ်သည့် မဟာဗျူဟာမြောက်မဟုတ်သော နျူကလီးယားလက်နက်များကို စစ်မြေပြင်တွင် အသုံးပြုရေးအတွက် ပုံစံထုတ်ထားခြင်းဖြစ်ပြီး ၎င်းတို့ကို ဒုံးကျည်များမှတစ်ဆင့် သယ်ဆောင်နိုင်သည်ဟုဆိုသည်။ မကြာမီအဆိုပါစစ်ရေးလေ့ကျင့်မှုကိုလုပ်မည်ဟု ဖော်ပြခဲ့သည်။

သမ္မတပူတင်သည် ဖေဖော်ဝါရီလတွင် နိုင်ငံကို ပြောကြားခဲ့သော မိန့်ခွန်းတွင် နျူကလီးယား လေလုံးထွားစကားများကို ပြောကြားခဲ့ပြီး နျူကလီးယားစစ်ပွဲအန္တရာယ် တကယ်ရှိနေသည်ဟု ပြောကြားခဲ့သည်။

အနောက်အုပ်စု တာဝန်ရှိသူအချို့ထံမှ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နေရသည့်အနေအထားတွင် ရုရှား၏နယ်မြေတည်တံ့ခိုင်မြဲရေးအတွက် ယခုလေ့ကျင့်မှုကို ပြုလုပ်ရန် စီစဉ်ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

Most Read

Most Recent