ရုရှားနှင့်ဟူရ်သီတို့အသုံးပြုနေသော ဒရုန်းများနှင့်ဆက်နွှယ်လျက်ရှိသော ကုမ္ပဏီများကို ကန့်သတ်ပိတ်ဆို့စာရင်းတွင် ထည့်သွင်းကြောင်း အမေရိကန် ထုတ်ပြန်

ရုရှားနှင့်ဟူရ်သီတို့အသုံးပြုနေသော ဒရုန်းများနှင့်ဆက်နွှယ်လျက်ရှိသော ကုမ္ပဏီများကို ကန့်သတ်ပိတ်ဆို့စာရင်းတွင် ထည့်သွင်းကြောင်း အမေရိကန် ထုတ်ပြန်
လွန်ခဲ့သောလက ဟူရ်သီ၏ဒရုန်းများဖြင့် တိုက်ခိုက်ခံရသော ဒိန်းမတ်စစ်သင်္ဘော ဒိန်းမတ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ဧပြီ ၄ ရက်တွင် တွေ့ရစဉ်(Photo:Reuters)
လွန်ခဲ့သောလက ဟူရ်သီ၏ဒရုန်းများဖြင့် တိုက်ခိုက်ခံရသော ဒိန်းမတ်စစ်သင်္ဘော ဒိန်းမတ်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသည်ကို ဧပြီ ၄ ရက်တွင် တွေ့ရစဉ်(Photo:Reuters)
Published 11 April 2024

ဧပြီ ၁၀ ရက်တွင် ကုမ္ပဏီငါးခုကို အမေရိကန်က ကုန်သွယ်မှုများ ကန့်သတ်လိုက်သည်ဟု ထုတ်ပြန်လိုက်ပြီး ယင်းကုမ္ပဏီများသည် ယူကရိန်း၌ ရုရှားအသုံးပြုသော ဒရုန်းများနှင့် ပင်လယ်နီ၌ ကုန်သင်္ဘောများ ဖြတ် သန်းခုတ်မောင်းရာ ရေလမ်းကြောင်းကို တိုက်ခိုက်နေသည့် ဟူရ်သီတို့အသုံးပြုသော ဒရုန်းများ ထုတ်လုပ်ခြင်း၊ ဒရုန်းပစ္စည်းအစိတ်အပိုင်းများ ဝယ်ယူခြင်းတို့လုပ်ဆောင်ရာတွင် ကူညီနေသည်ဟု ဆိုသည်။

ရုရှားနှင့်တရုတ်တို့က ကုမ္ပဏီများသည်  အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကန့်သတ်စာရင်းထဲ နောက်တိုးထည့် သွင်းခံရသော ကုမ္ပဏီ ၁၁ ခု ထဲတွင်ပါဝင်သည်ဟုဆိုသည်။ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကန့်သတ်ပိတ်ဆို့ခံစာရင်းတွင် ပါဝင်သော ကုမ္ပဏီများသည် အခြားကုမ္ပဏီများက ၎င်းတို့ထံ ကုန်စည်များနှင့် နည်းပညာများ တင်ပို့ပေးခြင်းမပြုမီ ထောက်ပံ့ရောင်းချသော ကုမ္ပဏီများအနေဖြင့်လိုင်စင်များ လိုအပ်သည်ဟု ဆိုသည်။

ရုရှားသည် လွန်ခဲ့သော သီတင်းပတ်များတွင် ယူကရိန်း၏ စွမ်းအင်စက်ရုံများကို ဒရုန်းများ၊ ဒုံးကျည်များ ပစ်လွှတ်ပြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။  ထို့ကြောင့် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ရုရှားက ယူကရိန်းကို ကျူးကျော်သည့် ပထမနှစ်တွင် ယူကရိန်းကြုံတွေ့ရသည့် ဓာတ်အား ပြတ်တောက်မှုများကို ပြန်လည် ကြုံတွေ့ရ မည့် အနေအထားဖြစ်နေသည်။

တရုတ်ကုမ္ပဏီ Jiangxi Xintuo အင်တာပရိုက်သည် ရုရှားဒရုန်းများ ပြန့်ပွားစေခြင်း၊ ထုတ်လုပ်ခြင်း၊ ပစ္စည်းဝယ်ယူခြင်းတို့မှ တစ်ဆင့် ရုရှားစစ်တပ်ကို ထောက်ပံ့နေသည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

တရုတ်နည်းပညာကုမ္ပဏီ Shenzhen Jiasibo သည် အီရန်ရှိ လေယာဉ် ကုမ္ပဏီအတွက် ဒရုန်းပစ္စည်းများအပါအဝင် လေယာဉ်ပစ္စည်းအစိတ်အပိုင်းများ ဝယ်ရာတွင် ပါဝင်ဆောင်ရွက်ပေးနေသည်ဟု ဆိုသည်။ ထိုအထဲတွင် ရုရှားကုမ္ပဏီများလည်း ပါဝင်နေသည်ဟု ဆိုသည်။

“အဲဒီ ပစ္စည်းအစိတ်အပိုင်းတွေကို ရှာဟက် စီးရီး ဒရုန်းတွေ တီထွင်ထုတ်လုပ်ရာမှာ အသုံးပြုနေတာဖြစ်ပါတယ်။ အီရန်က အဲဒီဒရုန်းတွေကို အရှေ့အလယ်ပိုင်းက ရေနံ တင်သင်္ဘောတွေကို တိုက်ခိုက်ရာမှာ အသုံးပြုနေတာဖြစ်သလို ယူကရိန်းမှာ ရုရှားက တိုက်ခိုက်တာတွေ လုပ်ရာမှာလည်း အသုံးပြုနေတာဖြစ်ပါတယ်”ဟု ပြည်ထောင်စု မော်ကွန်းဌာန၏ သတိပေးစာတွင် ဖော်ပြထားသည်။

အီရန် ကျောထောက်နောက်ခံပေးထားသော ဟူရ်သီတို့က သင်္ဘောများကို တိုက်ခိုက်မှုများသည် ပင်လယ်နီကို ဖြတ်သန်းသော ကုန်သင်္ဘောများကို အနှောင့်အယှက်ဖြစ်စေခဲ့သည်။ ယင်းတိုက်ခိုက်မှုများသည် ဂါဇာတွင် အစ္စရေးနှင့်ဟားမာ့စ်တို့ဖြစ်ပွားနေသော စစ်ပွဲ၌ အစ္စရေးကို လက်တုံ့ပြန်ခြင်းဖြစ်သည်ဟု ယီမင်၏ဟူရ်သီက ပြောကြားသည်။

အမေရိကန် အမျိုးသားလုံခြုံရေးနှင့် အမေရိကန် ပြည်ပမူဝါဒတို့ကို ခြိမ်းခြောက်သည်ဟု ၀ါရှင်တန်က ယူဆပါက ယင်းသို့ ခြိမ်းခြောက်နေသော ကုမ္ပဏီများကို အမေရိကန် ကန့်သတ် ပိတ်ဆို့စာရင်းတွင် ထည့်သွင်းသည်။ ရောင်းချ ထောက်ပံ့သော ကုမ္ပဏီများသည် ကန့်သတ်ကုမ္ပဏီများထံ ကုန်ပစ္စည်း များ ပေးပို့ခြင်းမပြုမီ လိုင်စင်ခွင့်ပြုချက်များ ရယူသည်ဆိုသော်လည်း ယင်းလိုင်စင်များသည် ပယ်ချခံရလေ့ရှိသည်။             Ref:Reuters

Most Read

Most Recent