ဒစ်ဂျစ်တယ် နည်းပညာကို လက်လှမ်းမမီသူများ

ဒစ်ဂျစ်တယ် နည်းပညာကို လက်လှမ်းမမီသူများ
Photo - AFP
Photo - AFP
Published 10 March 2024

ဉာဏ်ရည်တု၏ ထိုးနှက်ချက်က လူ့အဖွဲ့အစည်းအပေါ် သက်ရောက်နေသည်ဟု မတ် ၇ ရက်တွင် ကုလသမဂ္ဂ ဆက်သွယ်ရေး အကြီးအကဲက သတိပေးလိုက်သည်။ သို့ရာတွင် သူအဓိက စိုးရိမ်ရသော အ ချက်မှာ လူအများအပြားသည် ဒစ်ဂျစ်တယ် နည်းပညာများကို လက်လှမ်းမမီမှု ဖြစ်သည်ဟု ဆိုသည်။

ကမ္ဘာတစ်ဝန်းရှိ လူ ၂ ဒသမ ၆ ဘီလျံဝန်းကျင်သည် အင်တာနက် မရသဖြင့် ဒစ်ဂျစ်တယ် နည်းပညာ၏ အကျိုးအမြတ်များကို မရရှိနိုင်ဟု နိုင်ငံတကာ ဆက်သွယ်ရေးသမဂ္ဂ (ITU) က ခန့်မှန်းထားသည်။

“သူတို့ဟာ အင်တာနက်နဲ့ ဘယ်တော့မှ ချိတ်ဆက်ထားခြင်း မရှိပါဘူး”ဟု ITU အကြီးအကဲ ဒိုရန် ဘော့ဒန်မာတင်က ဂျီနီဗာမြို့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

“ဒါဟာ ညဘက်မှာ ကျွန်မအိပ်မပျော်ရတဲ့ ကိစ္စဖြစ်နေပါတယ်။ ရှင်တို့ဟာ ဒစ်ဂျစ်တယ် လောကရဲ့ အစိတ်အပိုင်း မဟုတ်ဘူးဆိုရင်တော့ ရှင်တို့ဟာ AI(ဉာဏ်ရည်တု) လောကရဲ့အစိတ်အပိုင်းမဟုတ် တော့ပါဘူး”ဟု သူက ပြောသည်။

“ဒါဟာ ကျွန်မတို့ မျိုးဆက်ရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်”ဟု ဘော့ဒန်မာတင်က ပြောသည်။

ကုလသမဂ္ဂသည် ကမ္ဘာတစ်ဝန်း ဒစ်ဂျစ်တယ်နည်းပညာ ကွာဟမှုမရှိစေရေးအတွက်၂၀၂၆ ခုနှစ်တွင်  ရန်ပုံငွေ ကန်ဒေါ်လာဘီလျံ ၁၀၀ ရရှိရန် ရည်မှန်းထားသည်။

ဒစ်ဂျစ်တယ် ကွာဟမှုမဖြစ်အောင် ဆောင်ရွက်ရေးအတွက် အမှန်တကယ် လိုအပ်သော ပမာဏသည် အမေရိကန်ဒေါ်လာ ဘီလျံ ၄၀၀ ကျော်ရှိမည်ဟု ဘော့ဒန်မာတင်က ခန့်မှန်းထားသည်။

ယင်းသို့ ဒစ်ဂျယ်တယ်နည်းပညာ အသုံးပြုသူနှင့် အသုံးမပြုရ သူတို့အကြား ကွာဟချက်သည် လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသော AI နည်းပညာ ကျယ်ပြန့်မှုကြောင့် ပိုမိုထိခိုက်စေသည့် အနေအထားဖြစ်သည်ဟု ကုလသမဂ္ဂတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

AI က လူ့အဖွဲ့အစည်းကို ပြောင်းလဲပေးနိုင်သည့် နည်းလမ်းပေါင်းစုံကို ဘော့ဒန်မာတင် ထောက်ပြခဲ့သည်။ ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးတို့သာမက ပညာရေးနှင့်ကျန်းမာရေး စောင့်ရှောက်မှုတို့ တွင်လည်း AI က အပြောင်းအလဲများ ဖြစ်အောင်လုပ်ပေးနေသည်ဟု ဆိုသည်။

“မယုံနိုင်စရာကောင်းတဲ့ အခွင့်အလမ်းတွေ ရှိနေပါတယ်။ အန္တရာယ်တွေလည်း ရှိနေပါတယ်။ အဲဒီ အန္တရာယ်တွေကို စီမံခန့်ခွဲဖို့နဲ့ လျော့ပါးသွားအောင် လုပ်ဖို့လိုအပ်နေပါတယ်”ဟု သူက သတိပေးသည်။   

ကမ္ဘာတစ်ဝန်းပြိုင်ဆိုင်မှု ပြင်းထန်သော ရွေးကောက်ပွဲများဖြင့် အလုပ်ရှုပ်နေသော နှစ်တွင် မိမိတို့၏ ရွေး ကောက်ပွဲများတွင် လည်းကောင်း၊ မိမိတို့၏ အဖွဲ့အစည်းများတွင်လည်းကောင်း ယုံကြည်မှုလျော့ ပါးသွားစေရန် AI လို ပေါ်ထွက်လာသော နည်းပညာများကို အသုံးပြုနိုင်သည်ဟု သူက သတိပေးသည်။

“အဲဒီနည်းပညာတွေက ကျွန်မတို့ရဲ့ အလုပ်အကိုင်တွေ၊ ကျွန်မတို့ရဲ့ လုံခြုံရေးတွေတို့ကို ခြိမ်းခြောက်နေပြီး ကျွန်မတို့ရဲ့ အနီးဆုံး အနာဂတ်ကိုလည်း ခြိမ်းခြောက်နေတယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

ကမ္ဘာ့ရေပန်းအစားဆုံး ဉာဏ်ရည်တု tool များတွင် အသုံးပြုထားသော အယ်လ်ဂိုရစ်သမ်များတွင် ကျား၊မ ဘက်လိုက်မှု ကြီးကြီးများများရှိနေသည်ကို တွေ့ရကြောင်း အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် ၎င်းက ပြောခဲ့သည်။

Open AIနှင့် Meta တို့က အသုံးပြုထားသော အယ်လ်ဂိုရစ်သမ်များတွင် အမျိုးသမီးများကို မလိုမုန်းထားမှုများပါသော အထောက်အထားများကို တွေ့ရသည်ဟု မတ် ၇ ရက်တွင် ယူနက်စကိုက ထုတ်ပြန်ခဲ့သော လေ့လာချက်တစ်ခုတွင် ဖော်ပြထားသည်။

“ဒီကဏ္ဍမှာ အမျိုးသမီးတွေဟာ အင်တာနက်နဲ့ချိတ်ဆက်မှု နည်းနေပြီး အမျိုးသမီးတွေ ကိုယ် စားပြုမှုကလည်း နည်းနေပါတယ်”ဟု ITU ၏ နှစ် ၁၆၀ သက်တမ်းနီးပါးရှိသော သမိုင်းတွင် ITU ၏ ပထမဆုံး အမျိုးသမီး အတွင်းရေးမှူးချုပ်ဖြစ်သော ဘော့ဒန်မာတင်က ပြောသည်။

အမျိုးသမီးများသည် အင်တာနက်အသုံးမပြုသော လူဦးရေစာရင်းတွင် အချိုးအစားမမျှသည့် အနေအ ထားဖြစ်နေပြီး သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာ၊ သချင်္ာတို့တွင် အမျိုးသမီး အရေအတွက် မလုံလောက်ဟု ဆိုသည်။

“AI နယ်ပယ်မှာ အမျိုးသမီးတွေ မလုံလောက်ပါဘူး။ ကွမ်တမ်နယ်မှာရော၊ အာကာသ နယ်ပယ်မှာပါ အမျိုးသမီးတွေ မလုံလောက်ပါဘူး”ဟု ၎င်းက ပြောသည်။

“အချက်အလက်များ၊ အယ်လ်ဂိုရစ်သမ်များနဲ့ ပတ်သက်ပြီး ပြောရင်လည်း အဲဒီနယ်ပယ်တွေမှာ ကျွန်မတို့ အမျိုးသမီးတွေ ပိုရှိနေဖို့လို အပ်နေပါတယ်”ဟု ဆိုသည်။ အထူးသဖြင့် AI နယ်ပယ်တွင် ယခုအခါ အမျိုးသမီးများ ပိုမိုပါဝင် လိုအပ်နေသည်ဟု ဆိုသည်။         

                                           Ref:AFP

Most Read

Most Recent