အမေရိကန်နှင့် တရုတ်သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား သမ္မတရှီကျင်းပင် ပြောကြား

အမေရိကန်နှင့် တရုတ်သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးအား သမ္မတရှီကျင်းပင် ပြောကြား
Published 27 April 2024

ဧပြီ ၂၆ ရက်က ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်သမ္မတရှီကျင်းပင်(ယာ)နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်(ဝဲ)တို့ တွေ့ဆုံစဉ် (Photo: AFP)

ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံများဖြစ်သည့် အမေရိကန်နှင့် တရုတ်တို့သည် ပြိုင်ဘက်မဟုတ်ဘဲ မိတ်ဖက်များသာဖြစ်သင့်ကြောင်း ဧပြီ ၂၆ ရက်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် တွေ့ဆုံစဉ် တရုတ်သမ္မတရှီကျင်းပင်က ပြောကြားခဲ့သည်။ အမေရိကန်နှင့် တရုတ်တို့သည် အရေးကြီးကိစ္စရပ် အများအပြားတွင် တိုးတက်ဖြစ်ထွန်းမှုရှိစေရန် အစဉ်တစိုက် ကြိုးပမ်းလျက်ရှိသည်။

တစ်နှစ်နီးပါးအတွင်း တရုတ်သို့ဒုတိယအကြိမ်လာရောက်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုများကို ရည်ညွှန်းပြောဆိုခဲ့သော်လည်း ရုရှားအား အထောက်အပံ့ပေးမှုအား ကန့်သတ်ရေးကဲ့သို့သော နယ်ပယ်များတွင် တရုတ်က ပိုမိုထိရောက်စွာတုံ့ပြန်ရန် ၎င်းက တိုက်တွန်းခဲ့သည်။

ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ဘကင်ကင်နှင့် တွေ့ဆုံရာတွင် သမ္မတရှီက ယမန်နှစ် နိုဝင်ဘာလက ၎င်းနှင့် အမေရိကန်သမ္မတဂျိုးဘိုင်ဒင် တွေ့ဆုံပြီးနောက်ပိုင်း နှစ်နိုင်ငံအကြား အပြုသဘောဆောင်သည့် တိုး တက်မှုအချို့ ဖြစ်ထွန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

“တရုတ်နဲ့အမေရိကန်တို့ဟာ မိတ်ဖက်တွေသာဖြစ်သင့်ပြီး ပြိုင်ဘက်တွေမဖြစ်သင့်ပါဘူး”ဟု ရှီက ပြောကြားသည်။

သို့ရာတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းတင်ပို့မှုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင်ခြင်းနှင့် အလွန်လူသိများသည့် Tik Tok အက်ပလီကေးရှင်းကို တရုတ်ပိုင်ရှင်များထံမှ အတင်းအကျပ်လွှဲယူရန် ကြိုးပမ်းခြင်းကဲ့သို့ အ မေရိကန်က တရုတ်၏စီးပွားရေးကို ထိန်းချုပ်ကန့်သတ်ရန် ဖိအားပေးမှုဟုရှုမြင်သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှီကသတိပေးခဲ့သည်။

“အမေရိကန်ဟာ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုအပေါ် အပြုသဘောရှုမြင်နိုင်မယ်လို့လည်း မျှော်လင့်တယ်”ဟု ရှီက ဆိုသည်။

“အဲဒီအခြေခံပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးတည်ငြိမ်ကာ ပိုမိုတိုးတက်လာပြီး ရှေ့ဆက်နိုင်မှာဖြစ်တယ်”ဟု ၎င်းက ထပ်မံပြောကြားသည်။

ဧပြီ ၂၆ ရက် အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် ဘလင်ကင်တို့ တွေ့ဆုံရာတွင် ဝမ်က အမေရိကန်၏ဖိအားပေးမှုသည် ပိုဆိုးရွားသည့် အခြေအနေတစ်ရပ်ကိုသာ ဖြစ်စေနိုင်သည်ဟု သတိပေးခဲ့ သည်။ ထို့ပြင်ထိုင်ဝမ်အရေးသည် တရုတ်- အမေရိကန်ဆက်ဆံရေးတွင် လုံးဝမကျော်သင့်သည့် ပထမဆုံးစည်းဖြစ်ကြောင်းလည်း ဝမ်က သတိပေးခဲ့သည်။

ပေကျင်းမြို့ရှိ တျောက်ယွီထိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ဘလင်ကင်နှင့် ဝမ်တို့သည် ငါးနာရီခွဲကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အပြုသဘောဆောင်၍ ကျယ်ပြန့်သည့် ဆွေးနွေးမှုဖြစ်ကြောင်း ဘလင်ကင်က ဆိုသည်။

နည်းပညာကဏ္ဍ လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာသည့်နှင့်အမျှ အဓိကနယ်ပယ်တစ်ခုအဖြစ် ပေါ်ထွက်လာသည့် ဉာဏ် ရည်တုနည်းပညာနှင့်ပတ်သက်၍ နှစ်နိုင်ငံအကြား ပထမဆုံးအကြိမ် တရားဝင်ဆွေးနွေးမှုကို လာမည့်သီတင်းပတ်များအတွင်း ပြုလုပ်သွားမည်ဟု ဘလင်ကင်က ကြေညာခဲ့သည်။

သို့သော် ယူကရိန်းအား ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားအား တရုတ်ကထောက်ပ့ံပေးမှုအပေါ် ဘလင်ကင်က သတိပေးပြောဆိုခဲ့သည်။                                              

Ref: AFP

Most Read

Most Recent