ဟူရ်သီသူပုန်များ လွှတ်တင်ခဲ့သည့် ဒရုန်း ၂၈ စင်းကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက ပစ်ချ

ဟူရ်သီသူပုန်များ လွှတ်တင်ခဲ့သည့် ဒရုန်း ၂၈ စင်းကို အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များက ပစ်ချ
မတ် ၉ ရက်က ယီမင်နိုင်ငံ ဆန်နာမြို့တော်တွင် ဟူရ်သီသစ္စာခံလက်နက်ကိုင်များက စစ်ရေးပြအခမ်းအနားအတွင်း အမေရိကန်အလံပေါ်မှ နင်းဖြတ်လျှောက်နေစဉ်
မတ် ၉ ရက်က ယီမင်နိုင်ငံ ဆန်နာမြို့တော်တွင် ဟူရ်သီသစ္စာခံလက်နက်ကိုင်များက စစ်ရေးပြအခမ်းအနားအတွင်း အမေရိကန်အလံပေါ်မှ နင်းဖြတ်လျှောက်နေစဉ်
Published 10 March 2024

ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် မတ် ၉ ရက်က ယီမင်နိုင်ငံ၏ ဟူရ်သီသူပုန်များလွှတ်တင်ခဲ့သည့် ဒရုန်း ၂၈ စင်းကို အမေရိကန်နှင့် ၎င်း၏ မဟာမိတ်များက ပစ်ချခဲ့ပြီး ယင်းသည် အီရန်က ကျောထောက် နောက်ခံပေးထားသည့် ဟူရ်သီအဖွဲ့၏ အကြီးဆုံး တိုက်ခိုက်မှုများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့သည်။

ထိုတိုက်ခိုက်မှုအပြီး မကြာမီအချိန်အတွင်းမှာပင် ဟူရ်သီအဖွဲ့က ၎င်းတို့သည် ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့ရှိ အမေရိကန် ကုန်တင်သင်္ဘောများကို ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ပြီး အမေရိကန်စစ်သင်္ဘောများကို ပစ်မှတ်ထားပြီး ဒရုန်းများ လွှတ်တင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

ဟူရ်သီအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့် စစ်ပွဲဖြစ်ပွားနေသည့် အီရန်က ကျောထောက်နောက်ခံပေးထားသည့် ဟားမာ့စ်အဖွဲ့နှင့် စည်းလုံးညီညွတ်စွာရှိကြောင်း ပြသသည့်အနေဖြင့် နိုဝင်ဘာလကတည်းက ပင်လယ်နီတွင် သင်္ဘောများကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။

ပင်လယ်နီနှင့် အေဒင်ပင်လယ်ကွေ့တွင် ဟူရ်သီအဖွဲ့၏ အကြီးစားတိုက်ခိုက်မှုများသည် အရုဏ်မတက်မီ အချိန်အထိ ဖြစ်ပွားခဲ့သည်ဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။

ထိုဒရုန်းများသည် ဒေသတွင်းရှိ အမေရိကန်ရေတပ်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များ၏ သင်္ဘောများ၊ ကုန်တင်သင်္ဘောများအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု CENTCOM နှင့် ညွန့်ပေါင်းတပ်ဖွဲ့များက ဆုံးဖြတ်ခဲ့သည်။

အမေရိကန်ရေတပ်သင်္ဘောများနှင့် လေယာဉ်များသည် ညွန့်ပေါင်းတပ်ဖွဲ့၏ ရေတပ်သင်္ဘောများ၊ လေယာဉ်များနှင့်အတူ ဒရုန်း ၁၅ စင်းကို ပစ်ချခဲ့ကြောင်း CENTCOM က X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာရေပြင်များ ဘေးကင်းလုံခြုံ စေရန်နှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို ကာကွယ်ရန် ယင်းကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု CENTCOM က ပြောကြားခဲ့သည်။

မတ် ၉ ရက်တွင် CENTCOM က နောက်ဆုံးရအချက်အလက်များကို ထပ်မံထုတ်ပြန်ခဲ့ရာတွင် အမေရိကန်နှင့် မဟာမိတ် များသည် စုစုပေါင်း ဒရုန်း ၂၈ စင်းကို ပစ်ချခဲ့သည်ဟု ဖော်ပြခဲ့သည်။

ဟူရ်သီအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီကမူ ၎င်းတို့သည် သီးခြားတိုက်ခိုက်မှု နှစ်ခုကို ပြုလုပ်ခဲ့ကြောင်း X လူမှုမီဒီယာတွင် ဖော်ပြခဲ့သည်။

ပထမတိုက်ခိုက်မှုတစ်ခုမှာ အေဒင်ပင်လယ်ကွေ့တွင် ကုန်တင်သင်္ဘော Propel Fortune ကို ပစ်မှတ်ထားခဲ့ပြီး ထိုသင်္ဘောသည် အမေရိကန်သင်္ဘောဖြစ်သည်ဟု ဆာရီက ပြောကြားခဲ့သည်။

သင်္ဘောများလမ်းကြောင်းများကို ခြေရာခံဖော်ပြသည့် ဝက်ဘ်ဆိုက်များတွင်မူ ထိုသင်္ဘောသည် စင်ကာပူအလံတင်သင်္ဘောဖြစ်ပြီး ထိုနေရာတွင် ရှိမနေကြောင်း ဖော်ပြခဲ့သည်။

ဒုတိယမြော်ကတိုက်ခိုက်မှုကို ဒရုန်း ၃၇ စင်းဖြင့် အမေရိကန်စစ်သင်္ဘောများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆာရီက ပြောသည်။

မတ် ၉ ရက်က ယီမင်နိုင်ငံ၏ ဆန်နာ မြို့တော်တွင် ဟူရ်သီသစ္စာခံများသည် စစ်ရေးပြအခမ်းအနားပြုလုပ်ခဲ့ပြီး အမေရိကန်၊ အစ္စရေးနှင့် ဗြိတိန်အလံများအပေါ် ခြေဖြင့်  ဆောင့်နင်းခဲ့ကြသည်။

မတ်လ ၆ ရက်ကလည်း ဟူရ်သီသူပုန်တို့ ပစ်လိုက်သော ဒုံးကျည်သည် အေဒင်ပင်လယ်ကွေ့ရှိ သင်္ဘောကြီးတစ်စီးကို ထိမှန်ခဲ့သောကြောင့် သင်္ဘောအမှုထမ်းသုံးဦး သေဆုံးသွားခဲ့ပြီး လေးဦး ဒဏ်ရာရသွားခဲ့သည် ဟု အမေရိကန်စစ်တပ်က ပြောကြားခဲ့သည်။

ဘာဘေးဒိုးစ် အလံလွှင့်ထားပြီး လိုက်ဘေးရီးယားပိုင် M/V True Confidence သင်္ဘောကို သင်္ဘောဖျက် ဒုံးကျည်တစ်စင်း ထိမှန်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော သင်္ဘောအမှုထမ်း သုံးဦးထဲက နှစ်ဦးမှာ ဖိလစ် ပိုင်နိုင်ငံသားများ ဖြစ်သည်ဟု မတ် ၇ ရက် တွင် ဖိလစ်ပိုင်အစိုးရက ထုတ်ပြန်ခဲ့သည်။                                               Ref:AFP

Most Read

Most Recent