ယူကရိန်း၏ ဒရုန်း ၆၈ စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှား ပြောကြား

ယူကရိန်း၏ ဒရုန်း ၆၈ စင်းကို ကြားဖြတ်ပစ်ချခဲ့ကြောင်း ရုရှား ပြောကြား
Published 27 April 2024

ရုရှားနိုင်ငံတောင်ပိုင်း ကရက်စ်နိုဒါဒေသနှင့် ခရိုင်းမီးယားဒေသတွင် ဧပြီ ၂၆ ရက် ညပိုင်းမှစပြီး ဧပြီ ၂၇ ရက် နံနက်အစောပိုင်းအထိ ယူကရိန်း၏ ဒရုန်း ၆၈ စင်းကို ရုရှားက ကြားဖြတ်ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ် ရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ကရက်စ်နိုဒါဒေသပေါ်တွင် ဒရုန်း ၆၆ စင်းကို ပစ်ချခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ သိမ်းပိုက်ခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်တွင် ဒရုန်းနှစ်စင်းကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

“သူတို့က ရေနံချက်စက်ရုံတွေနဲ့ အခြေခံအဆောက်အအုံတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အဲဒီနေရာတွေက ရရှိတဲ့သတင်းအချက်အလက်တွေအရ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ ကြီးမားတဲ့ပျက်စီးမှုတွေ မရှိဘူးလို့ သိရပါတယ်”ဟု ကရက်စ်နိုဒါဒေသအုပ်ချုပ်ရေးမှူး ဗီနီယာမင် ကွန်ဒရက်ယက်ဗ်က Telegram တွင် ပြောကြားခဲ့သည်။

ယူကရိန်းသည် မကြာသေးမီလများအတွင်း ရုရှား၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားမှုအပါအဝင် ရုရှားအား ဒရုန်းတိုက်ခိုက်မှုများကို အရှိန်မြှင့်တင်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရုရှားကလည်း ယူကရိန်း၏ စွမ်းအင်အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုကို အရှိန်မြှင့်တင်ခဲ့သည်။

ဧပြီ ၂၆ ရက် ညသန်းခေါင်အချိန်တွင် ရုရှားတပ်ဖွဲ့များသည့် ယူကရိန်း၏ နီပရိုပက် ထရိုဗက်စ်၊ အိုင်ဗန်နို ဖရန်ကစ်ဗ် အော့ဘလက်စ်နှင့် လူဗွီမြို့များရှိ စွမ်းအင်အခြေခံအ ဆောက်အအုံများကို ဒုံးကျည်များဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သဖြင့် ပျက်စီးမှုများ၊ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းကို ဒုံးကျည် ၃၄ စင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုဒုံးကျည်များအနက် ၂၁ စင်းကို ယူကရိန်းက ပစ်ချနိုင်ခဲ့သည်ဟု ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။

“ပစ္စည်းကိရိယာတွေ ပျက်စီးသွားပါတယ်။ စက်ရုံတစ်ခုမှာ စွမ်းအင်အင်ဂျင်နီယာတစ်ဦး ဦးခေါင်းထိခိုက်မိပြီး သတိလစ်သွားပါတယ်”ဟု ယူကရိန်းစွမ်းအင်ဝန်ကြီး ဂျာမန်ဂာလူရှ်ချန်ကိုက Telegram တွင် ဖော်ပြခဲ့သည်။

ယူကရိန်း၏ အကြီးမားဆုံး ပုဂ္ဂလိကစွမ်းအင်ကုမ္ပဏီ DTEK က ထိုတိုက်ခိုက်မှုများတွင် ၎င်း၏ အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံလေးခု ဆိုးရွားစွာထိခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

ယူကရိန်းသည် အမေရိကန်က လျှို့ဝှက်ထောက်ပံ့ပေးခဲ့သည့် တာဝေးပစ်ပဲ့ထိန်းဒုံးကျည်များကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုနေကြောင်း အမေရိကန်အရာရှိများက ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယူကရိန်းခေါင်းဆောင်များ ကာလကြာရှည် အလိုရှိခဲ့သည့် အဆိုပါဒုံးကျည်သစ်များသည် ယူကရိန်း၏ တိုက်ခိုက်နိုင်စွမ်းအကွာ အဝေးကို နှစ်ဆနီးပါး(မိုင် ၁၉၀)အထိ ပိုမိုရောက်ရှိစေခဲ့ပြီး အမေရိကန်ထံမှ တာလတ် ပစ်လက်နက်များကို ပြီးခဲ့သည့်နှစ်အောက်တိုဘာလက လက်ခံရရှိခဲ့ခြင်းဖြစ်သည်။

ဧပြီ ၂၄ ရက်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သည့် ယူကရိန်းအား စစ်ရေးအကူအညီပေးရေး အစီအစဉ်သစ်တွင်လည်း ကျည်းတပ်နည်းဗျူဟာမြောက် ဒုံးကျည်စနစ်(ATACMS) လည်း ပါဝင်ခဲ့သည်။

Ref: AFP

Most Read

Most Recent