နိုဝင်ဘာရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် အရေးအကြီးဆုံးနေ့ရက် ဖြစ်လာနိုင်ပြီး ဘိုင်ဒင်သည် အဆိုးဆုံးသမ္မတတစ်ဦးဖြစ်ကြောင်း ထရန့် ပြောကြား

နိုဝင်ဘာရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် အရေးအကြီးဆုံးနေ့ရက် ဖြစ်လာနိုင်ပြီး ဘိုင်ဒင်သည် အဆိုးဆုံးသမ္မတတစ်ဦးဖြစ်ကြောင်း ထရန့် ပြောကြား
မတ် ၁၆ ရက်က အိုဟိုင်းယိုးပြည်နယ် ဗန်ဒါလီယာမြို့တွင်ပြုလုပ်သည့် လူထုစည်းရုံးတွေ့ဆုံပွဲတွင် အမှာစကားပြောကြားနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို တွေ့ရစဉ်(Photo:AFP)
မတ် ၁၆ ရက်က အိုဟိုင်းယိုးပြည်နယ် ဗန်ဒါလီယာမြို့တွင်ပြုလုပ်သည့် လူထုစည်းရုံးတွေ့ဆုံပွဲတွင် အမှာစကားပြောကြားနေသည့် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို တွေ့ရစဉ်(Photo:AFP)
Published 17 March 2024

နိုဝင်ဘာလတွင်ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲသည် အမေရိကန်သမိုင်းတွင် အရေးအကြီးဆုံး နေရက်ဖြစ်လာလိမ့်မည်ဖြစ်ပြီး ဂျိုဘိုင်ဒင်သည် အဆိုးဆုံးသမ္မတတစ်ဦး ဖြစ်ကြောင်း ဒေါ်နယ်ထရန့်က မတ် ၁၆ ရက်က အိုဟိုင်းယိုးပြည်နယ်တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

ရီပတ်ဘလစ်ကန်ပါတီ ကိုယ်စားပြုသည့် ရွေးကောက်ပွဲဝင်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ခံရရန် လုံလောက်သည့် ကိုယ်စားလှယ်အရေအတွက်ကို ရရှိခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထရန့်က ၎င်း ရွေးကောက်ခံရခြင်းမရှိပါက သွေးချောင်းစီး လူသတ်ပွဲဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သော်လည်း မည်သည့်အကြောင်းအရာကို ရည်ညွှန်းပြောကြားခဲ့သည်ဆိုခြင်းကိုမူ ရှင်းလင်းစွာ မသိရပေ။

“အဲဒီနေ့ကို မှတ်ထားပါ။ နိုဝင်ဘာ ၅ ရက်ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ သမိုင်းမှာ အ ရေးအကြီးဆုံးနေစွဲဖြစ်လာလိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု အသက် ၇၇ နှစ်အရွယ် ထရန့်က အိုဟိုင်းယိုးပြည်နယ် ဗန်ဒါလီယာမြို့တွင်ပြုလုပ်သည့် လူထုတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပြီး သမ္မတဘိုင်ဒင်သည် အဆိုးရွားဆုံး သမ္မတဖြစ်သည်ဟု ဝေဖန်ခဲ့သည်။

တရုတ်သည် မက္ကဆီကိုနိုင်ငံတွင် ကားများထုတ်လုပ်ပြီး ထိုကားများကို အမေရိကန်သို့ ရောင်းချရန် စီစဉ်နေသည်ဟု ထရန့်က ပြောကြားခဲသည်။

“ဘောင်မဝင်တဲ့ ပုံစံမျိုးနဲ့ နိုင်ငံထဲဝင်လာမယ့် ကားတွေကို ကျွန်တော်တို့က ၁၀၀ ရာခိုင်နှုန်း အခွန်စည်းကြပ်ကောက်ခံသွားမှာ ပါ။ ကျွန်တော်သာ ရွေးကောက်ခံရမယ်ဆိုရင် အဲဒီကားတွေကို ရောင်းလို့ရမှာ မဟုတ်ပါဘူး”ဟု ထရန့်က ပြောသည်။

“တကယ်လို့ ကျွန်တော်သာ ရွေးကောက်မခံရဘူးဆိုရင် သွေးချောင်းစီးလူသတ်ပွဲဖြစ်လာပါလိမ့်မယ်။ သူတို့တွေဟာ အဲဒီကားတွေကို ရောင်းနိုင်မှာမဟုတ်ပါဘူး”ဟု ထရန့်က ပြောကြားခဲ့သည်။

ထရန့်၏ မှတ်ချက်စကားသည် လူမှုမီဒီယာပေါ်တွင် ပျံ့နှံ့နေချိန်တွင် ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထရန့်အား အရှုံးသမားအဖြစ် ခေါ်ဆိုခဲ့ပြီး ထရန့်သည် နိုင်ငံရေး အ ကြမ်းဖက်ခြိမ်းခြောက်မှုများကို တိုးမြှင့်လုပ်ဆောင်နေသူဖြစ်ကြောင်း ပြောကြားခဲ့သည်။

“သူ(ထရန့်) က ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်မျိုးကို နောက်တစ်ကြိမ်ဖြစ်စေချင်နေပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်သူတွေက အခုနှစ် နိုဝင်ဘာလမှာ သူ့ကို နောက်တစ်ကြိမ် ရွေးကောက်ပွဲရှုံးနိမ့်အောင် လုပ်ဆောင်သွားပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ အစွန်းရောက်မှု၊ အကြမ်းဖက်မှုကို နှစ်သက်မှုနဲ့ လက်စားခြေလိုစိတ် ပြင်းပြမှုတွေကို မနှစ်သက်ကြလို့ဖြစ်ပါတယ်”ဟု ဘိုင်ဒင်၏ မဲဆွယ်စည်းရုံးရေးအဖွဲ့က ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်က ထရမ့်ကို ထောက်ခံသူများက အမေရိကန်လွှတ်တော်အဆောက်အအုံကို ဝင် ရောက်စီးနင်းသည့် ဖြစ်စဉ်အား ရည်ညွှန်း ပြောဆိုခဲ့သည်။

“လွတ်လပ်ခွင့်က တိုက်ခိုက်ခံနေရပါ တယ်။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အလိမ်အညာတွေ၊ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးပမ်းမှုတွေနဲ့ ဇန်နဝါရီ ၆ ရက် ဖြစ်စဉ်တွေဟာ အမေရိကန်ပြည်တွင်းစစ် နောက်ပိုင်း ကျွန်တော်တို့ရဲ့ ဒီမိုကရေစီအတွက် အကြီးဆုံးခြိမ်းခြောက်မှုဖြစ်ပါတယ်”ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။ Ref:AFP

Most Read

Most Recent