နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာစမ်းသပ်

နျူကလီးယားထိပ်ဖူးအများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ် ပဲ့ထိန်းဒုံးကျည်ကို အိန္ဒိယက အောင်မြင်စွာစမ်းသပ်
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယ၏ သမ္မတနိုင်ငံနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် တာဝေးပစ် Agni-5 ပဲ့ထိန်းဒုံးကျည်ကို ပြသထားစဉ်(Photo: AP)
၂၀၁၃ ခုနှစ် ဇန်နဝါရီ ၂၆ ရက်က အိန္ဒိယ၏ သမ္မတနိုင်ငံနေ့ အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားတွင် တာဝေးပစ် Agni-5 ပဲ့ထိန်းဒုံးကျည်ကို ပြသထားစဉ်(Photo: AP)
Published 12 March 2024

အိန္ဒိယသည် နျူကလီးယားထိပ်ဖူး အများအပြား သယ်ဆောင်နိုင်သည့် ပြည်တွင်းထုတ်ပဲ့ထိန်းဒုံးကျည်ကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်း ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၁၁ ရက်တွင်ပြော ကြားခဲ့သည်။

ပြည်တွင်း၌ထုတ်လုပ်ထားသော Agni-5 ဒုံးကျည်ကို Multiple Independently Target Re-entry Vehicle(MIRV)နှင့် ပထမဆုံးအကြိမ် စမ်းသပ်မှုအောင်မြင်ခဲ့ သည့်အတွက် ဂုဏ်ယူပါကြောင်း ဆိုရှယ်မီဒီယာ ပလက်ဖောင်းတစ်ခုဖြစ်သည့် X တွင် မိုဒီက ပြောကြားခဲ့သည်။

MIRV နည်းပညာကြောင့် Agni-5 ဒုံးကျည်သည် နျူကလီးယားထိပ်ဖူး အများအပြားကို တစ်ပြိုင်နက်တည်း သယ်ဆောင်နိုင်ပြီး မတူညီသည့် ပစ်မှတ်များဆီသို့ ခွဲထွက်ကာ တိုက်ခိုက်ချေမှုန်းနိုင်မည်ဖြစ်သည်။

အဆိုပါ ဒုံးကျည်စမ်းသပ်မှုနှင့်ပတ်သက်၍ မိုဒီက အသေးစိတ်ပြောကြားခဲ့ခြင်းမရှိသော်လည်း အိန္ဒိယ ကာကွယ်ရေး သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းကထုတ်လုပ်သည့် Agni-5 ဒုံးကျည်များကို ယခင်က စမ်းသပ်ခဲ့ဖူးကြောင်း ၎င်းက ပြောဆိုခဲ့သည်။

အိန္ဒိယသည် ဒုံးကျည်နည်းပညာ စွမ်းဆောင်ရည် ထက်မြက်သည့် ထိပ်တန်းနိုင်ငံများအုပ်စုတွင် ပါဝင်လာသည်ဟု ကာကွယ်ရေးဝန်ကြီး ရာနက်ဆင်းက X တွင် ရေးသားခဲ့သည်။

Agni သည် သက္ကတဘာသာအရ ‘မီး’ ဟု အဓိပ္ပာယ်ရပြီး အိန္ဒိယက ၁၉၈၃ ခုနှစ်တွင် စတင်ခဲ့သည့် ပဲ့ထိန်းဒုံးကျည် တီထွင်ရေး အစီအစဉ် တစ်စိတ်တစ်ပိုင်းအဖြစ် တီထွင်ခဲ့သည့် ဒုံးကျည်များကို ယင်းနာမည်ပေးခဲ့ခြင်း ဖြစ်သည်။

ထိရောက်မှုအကွာအဝေးပိုနည်းသည့် Agni-1 နှင့် Agni-2 ဒုံးကျည်တို့ကို အစဉ်အလာပြိုင်ဘက် ပါကစ္စတန်ကို တန်ပြန်ရန် အဓိကရည်ရွယ်ပြီး ထုတ်လုပ်ခဲ့သော်လည်း ထိရောက်မှုအကွာအဝေး ပိုကောင်းသည့် နောက်ဆုံးပေါ် မျိုးကွဲများသည် တရုတ်အပေါ် ပြောင်းလဲပစ်မှတ်ထားလာခြင်းဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ဆိုသည်။

မကြာသေးမီနှစ်များအတွင်း အိန္ဒိယသည် အနောက်နိုင်ငံများနှင့် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ နက်နက်ရှိုင်းရှိုင်း လုပ်ဆောင်လာခဲ့ပြီး အမေရိကန်၊ ဂျပန်နှင့် သြစတြေးလျတို့ပါဝင်သော Quad မဟာမိတ်အဖွဲ့တွင် ပါဝင်ခဲ့သည်။

အိန္ဒိယသည် ဒေသတွင်း အင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နှင့် မဟာဗျူဟာအားပြိုင်မှု ပြင်းထန်လာပြီးနောက် ၁၉၉၀ ပြည့်လွန်နှစ်များမှစ၍ ၎င်းတို့၏ တာလတ်ပစ်နှင့် တာဝေးပစ်ဒုံးလက်နက်စနစ်များကို တီထွင် ထုတ်လုပ်ခဲ့သည်။

၂၀၂၁ ခုနှစ်က အိန္ဒိယသည် နျူကလီးယားထိပ်ဖူးသယ်ဆောင်နိုင်ပြီး ထိရောက်မှု အကွာအဝေးကီလိုမီတာ ၅,၀၀၀ ခန့်ရှိသည့် Agni-5 တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်နိုင်ခဲ့သည်။ ယင်းဒုံး ကျည်အမျိုးအစားသည် တရုတ်နိုင်ငံ၏ နေရာဒေသအားလုံးနီးပါးကို ပစ်မှတ်ထားတိုက်ခိုက်နိုင်စွမ်းရှိသည်ဟု ယူဆခံထားရသည်။

Agni ဒုံးကျည်အမျိုးအစားများသည် တာဝေးသုံးမြေပြင်မှမြေပြင်ပစ် ပဲ့ထိန်းဒုံးကျည်များဖြစ်သည်။

အိန္ဒိယသည် ၎င်း၏အဓိကရန်ဘက်ဖြစ်သည့် အိမ်နီးချင်း ပါကစ္စတန်၏ နေရာဒေသအားလုံးကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ ၁၉၄၇ ခုနှစ်တွင် ဗြိတိန်ထံမှ လွတ်လပ်ရေးရ ပြီးနောက်ပိုင်း အိန္ဒိယနှင့် ပါကစ္စတန်သည် စစ်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့သည်။

တစ်နှစ်တာ ကာကွယ်ရေး အသုံးစရိတ်ကို ၁၃ ရာခိုင်နှုန်း တိုးမြှင့်ကြောင်း အိန္ဒိယက ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက်က ကြေညာခဲ့သည်။                                   

Ref: AFP

Most Read

Most Recent