လူဆိုးဂိုဏ်းအကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော ဟေတီနိုင်ငံမှ အမေရိကန်နိုင်ငံသားများကို အမေရိကန်အစိုးရက စင်းလုံးငှားလေယာဉ်ဖြင့် ကယ်ထုတ်

လူဆိုးဂိုဏ်းအကြမ်းဖက်မှုများ ဖြစ်ပေါ်နေသော ဟေတီနိုင်ငံမှ အမေရိကန်နိုင်ငံသားများကို အမေရိကန်အစိုးရက စင်းလုံးငှားလေယာဉ်ဖြင့် ကယ်ထုတ်
ဟေတီဝန်ကြီးချုပ်အေရီရယ်ဟင်နရီ နုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုရာတွင် ကားတာယာများ မီးရှို့့နေပုံကို မတ် ၁၂ ရက်တွင်တွေ့ရစဉ်(Photo: AFP)
ဟေတီဝန်ကြီးချုပ်အေရီရယ်ဟင်နရီ နုတ်ထွက်ရန် ဆန္ဒပြတောင်းဆိုရာတွင် ကားတာယာများ မီးရှို့့နေပုံကို မတ် ၁၂ ရက်တွင်တွေ့ရစဉ်(Photo: AFP)
Published 19 March 2024

ကာရီဘီယံဒေသနိုင်ငံ ဟေတီကို တုံ့ဆိုင်းရပ်တန့်မှုများဖြစ်ပေါ်စေခဲ့သော လူဆိုးဂိုဏ်းအကြမ်းဖက်မှုများ သီတင်းပတ်ချီဖြစ်ပေါ်ခဲ့ပြီးနောက် စင်းလုံးငှားထားသော အစိုးရလေယာဉ်ဖြင့်လိုက်ပါလာသော အမေရိ ကန်နိုင်ငံသား ၃၀ ကျော်သည် မတ် ၁၇ ရက်တွင် ဟေတီနိုင်ငံမှ ဖလော်ရီဒါပြည်နယ်သို့ ဆိုက်ရောက်လာခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

အဆိုပါ စင်းလုံးငှားလေယာဉ်သည် အချိန်အပိုင်းအခြားဖွင့်သော လေဆိပ်ရှိရာ ဟေတီဆိပ်ကမ်းမြို့ ကပ်ဟေတီယန်မှ ထွက်ခွာလာခြင်းဖြစ်သည်ဟု အမေရိကန်သံရုံးက ထုတ်ပြန်ခဲ့သည်။

“နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အမေရိကန်အစိုးရ စင်းလုံးငှားလေယာဉ်နဲ့ အမေရိကန်နိုင်ငံသား ၃၀ ကျော်ကို ဟေတီနိုင်ငံ ကပ်ဟေတီယန်ကနေ ဘေးကင်းကင်း ထွက်ခွာလို့ရအောင် အကူအညီပေးခဲ့ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မတ် ၁၇ ရက်ညပိုင်းတွင် အေအက်ဖ်ပီကို ပြောကြားခဲ့သည်။

“အဲဒီ ခရီးသည်တွေဟာ အခုဖလော်ရီဒါပြည်နယ် မိုင်ယာမီမှာ ဘေးကင်းစွာရောက်ရှိနေပါတယ်။ အမေရိကန်အစိုးရ တာဝန်ရှိသူတွေက နောက်လုပ်ရမယ့် အဆင့်တွေအတွက် သူတို့ကို အကူအညီပေး နေပါတယ်”ဟု အစိုးရတာဝန်ရှိသူများက ပြောကြားခဲ့သည်။

ဟေတီသည် လူထုမကြိုက်သော ဝန်ကြီးချုပ် အေရီရယ်ဟင်နရီကို ဖြုတ်ချရန်ရည်ရွယ်သည့် လူဆိုးဂိုဏ်း အကြမ်းဖက်မှုများအနည်းဆုံး သီတင်းနှစ်ပတ်ကြာ ဖြစ်ပွားခဲ့ သည်။

လက်နက်ကောင်းကောင်းတပ်ဆင်ထားသော အုပ်စုများသည် ထောင်သားရာချီလွတ်မြောက်သွားသည့် အကျဉ်းထောင်နှစ်ခုကို တိုက်ခိုက်ခဲ့ပြီးနောက် ယင်းအုပ်စုများ ၌ အဖွဲ့ဝင်အင်အားတိုးလာခဲ့သည်။

ဟေတီ၌ အခြေခံဝန်ဆောင်မှု လုပ်ငန်းများ ပြိုလဲလုနီးပါးဖြစ်နေပြီဟု မကြာသေးမီက ထုတ်ပြန်ခဲ့သော ကုလသမဂ္ဂထုတ်ပြန်ချက်တစ်ခုတွင် သတိပေးထားသည်။

ဖိအားပေးမှုကြောင့် ဝန်ကြီးချုပ် အေရီရယ်ဟင်နရီသည် မတ် ၁၁ ရက်တွင် နုတ်ထွက်မည်ဟု ကြေညာခဲ့ပြီးနောက် အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ဖွဲ့စည်းမှုကိုစောင့်ဆိုင်းနေကြစဉ် ဝရုန်းသုန်းကားအခြေအနေများက ပြည်သူသန်းပေါင်းများစွာကို အကာအကွယ်ကင်းမဲ့သည့် အနေအထားဖြစ်စေခဲ့သည်။

ဟေတီနိုင်ငံတွင် ကျန်နေသော အမေရိကန်နိုင်ငံသားများအတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြို့တော်ပို့အော်ပရင့်မှ ထွက်ခွာမည့်သူများအတွက် နည်းလမ်းများကို လေ့လာဆန်းစစ်လျက်ရှိပြီး   အမေရိကန်အစိုးရက ၎င်းတို့အတွက်ဘေးကင်းလုံခြုံစွာ စီစဉ်ပေးနိုင်သည့်အခါ ယင်းသို့ စီစဉ်ထားမှုများအကြောင်းကို အမေရိကန်နိုင်ငံသားများထံ အကြောင်းကြားပေးလိမ့်မည်ဟု မတ် ၁၇ ရက်တွင် ပြောရေးဆိုခွင့်ရှိ သူကပြောကြားခဲ့သည်။

“စင်းလုံးငှားလေယာဉ်မရနိုင်ဘဲ၊  လုံခြုံရေး အခြေအနေကြောင့် စင်းလုံးငှားလေယာဉ်ရအောင် ကျွန်တော်တို့ရအောင် လုပ်ရမယ်ဆိုရင် အမေရိကန်နိုင်ငံသားတွေကို ကျွန်တော်တို့ ဆက်လက် ကူညီသွားမှာဖြစ်ပါတယ်”ဟု အမေရိကန် အစိုးရတာဝန်ရှိသူများ က ပြောကြားခဲ့ပြီး ဟေတီမှထွက်ခွာလိုသော အမေရိကန်နိုင်ငံသားများသည် ဝက်ဆိုက်မှတစ်ဆင့် ဆက်သွယ်နိုင်သည်ဟု ဆိုသည်။

Ref: AFP

Most Read

Most Recent